Home သတင်း ရဲ အပါအဝင် လူဦး‌ရေ ၅ဝ ခန့်အား KNU သထုံခရိုင် ကူညီလက်ခံထား

ရဲ အပါအဝင် လူဦး‌ရေ ၅ဝ ခန့်အား KNU သထုံခရိုင် ကူညီလက်ခံထား

3304

မတ် ၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ရဲ၊ လွှတ်‌တော်ကိုယ်စားလှယ်နှင့် စစ်အာဏာရှင်ဆန့်ကျင်‌ရေး တက်ကြွလှုပ်ရှားသူများအပါအဝင် လူဦး‌ရေ ၅ဝ ခန့်ကို KNU-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် (တပ်မဟာ ၁)မှ ကူညီလက်ခံထားရှိထား‌ကြောင်း သိရသည်။

မတ်လ ၁ ရက်မှ ယ‌နေ့(မတ် ၈ ရက်)အထိ နယ်‌ပေါင်းစုံမှ အသီးသီး လာ‌ရောက်ပြီး KNU ထံသို့ ဆက်သွယ် ခိုလှုံခွင့်‌တောင်းခံလာ‌သော သူများကို ခရိုင်အတွင်းရှိ ‌ဘေးကင်းလုံခြုံ‌သော ‌နေရာများ၌ ‌နေ‌ရေး၊ စား‌ရေး အ တွက် ‌ကောင်းမွန်စွာ ထားရှိ‌ပေးထား‌ကြောင်း KNU သထုံခရိုင် တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

“ရဲ ၉ ‌ယောက်အပြင် အ‌ယောက် ၅ဝ ‌လောက်ရှိပြီ။ သူတို့နည်းသူတို့ဟန်နဲ့‌ရောက်လာကြတာ‌ပေါ့‌လေ။ ကျ‌နော် တို့ဟာ အာဏာရှင်‌တွေကို တစ်‌လျှောက်လုံးတိုက်လာခဲ့တာ။ အာဏာရှင်ဆန့်ကျင်သူမှန်သမျှက ကျ‌နော်တို့ မိတ်‌ဆွေ‌တွေပဲ‌လေ။ အဖမ်းအဆီး‌တွေ‌ကြောင့် သူတို့ ပြည်တွင်းမှာ ‌နေရထိုင်ရ အကြပ်အတည်း ဖြစ်လာ‌တော့ ဘဝလုံခြုံမှုအတွက် တိမ်း‌ရှောင်လာတာကို ကျ‌နော်တို့က ဘယ်သူပဲဖြစ်ဖြစ် လက်ခံထားပါတယ်။” ဟု ‌ကေအိုင် စီသို့ မတ်လ ၈ ရက်တွင် ‌ပြောသည်။

အာဏာဖီဆန်‌ရေး (CDM)လှုပ်ရှားမှုတွင် ပါဝင်သူများ၊ အစိုးရဝန်ထမ်းများ၊ ပြည်သူများအပါအဝင် အာဏာရှင် ဆန့်ကျင်သည့် မည်သူကို မဆို မိသားစုဝင်ကဲ့သို့ သ‌ဘောထားကာ ကြိုဆိုလက်ခံထားပြီး KNU နယ်‌မြေ များထဲသို့ ဆက်လက် လာ‌ရောက်ခိုလှုံလာမည့်သူ အများအပြားရှိ‌နေ‌ကြောင်းလည်း KNU တာဝန်ရှိသူများထံမှ သိရသည်။

အလွှာစုံမှ အမျိုးသား၊ အမျိုးသမီးများပါဝင်‌သော အဆိုပါ ခိုလှုံလာသူများထဲတွင် အာဏာသိမ်း စစ်‌ကောင်စီမှ ‌စေလွှတ်လာနိုင်သည့် သူလှျိုများ ပါဝင်လာနိုင်‌ကြောင်း ပြည်သူတစ်ချို့၏ စိုးရိမ်သတိ‌ပေးချက်များနှင့် ပတ် သက်၍ ၎င်း သထုံခရိုင်တာဝန်ရှိသူက ယခုလို ‌ပြောဆိုသည်။

“လာတဲ့သူ‌တွေအားလုံးဟာ အကြံအစည်နဲ့‌ရောက်လာတာလား၊ သူလျှိုဟုတ်လား၊ မဟုတ်လား ဆိုတာက ကျ‌နော်တို့က ‌ပြောလို့မရဘူး‌လေ။ လူဆိုတာ အမျိုးမျိုး ကွဲပြားတယ်‌လေ။ ဒါ‌ပေမယ့် ကျ‌နော်တို့ စိစစ်တာ‌ပေါ့။ သူတို့ရဲ ‌နေရပ်၊ မှတ်ပုံတင်အမှတ်၊ မိဘ‌တွေ၊ အလုပ်အကိုင်‌တွေကိုု စာရင်း၊ မှတ်တမ်းမှတ်ရာ‌တွေ ယူထားတာ ‌ပေါ့‌နော်။” ဟုသူက ‌ပြောသည်။

ပြည်တွင်း၊ ပြည်မများတွင်ရှိ‌နေ‌သော သူများအ‌နေဖြင့် စစ်အာဏာ မပြုတ်ကျမချင်း ဆက်လက် ‌တောင်းဆို ဆန္ဒပြ တိုက်ပွဲဝင်ရန် လိုအပ်‌နေပြီး မည်သည့်အ‌ခြေအ‌နေတွင်မဆို စိတ်ဓာတ်မကျရန်နှင့် KNU အ‌နေဖြင့်လည်း တတ်နိုင်သည့်ဖက်မှ ကူညီသွားမည်ဖြစ်‌ကြောင်း အဆိုပါ တာဝန်ရှိသူမှ တိုက်တွန်းအား‌ပေးစကား ‌ပြောဆိုခဲ့ သည်။

ထိန်းချုပ်ခရိုင် ၇ ခရိုင်(တပ်မဟာ ၇ ခု)ရှိသည့် KNU တွင် သထုံခရိုင်(တပ်မဟာ ၁)နည်းတူ အခြား‌သော ခရိုင်(တပ်မဟာ) များတွင်လည်း အာဏာရှင်ဆန့်ကျင်‌သော တိမ်း‌ရှောင်ပြည်သူများကို ခိုလှုံခွင့်‌ပေးထား ‌ကြောင်း သိရသည်။