Home သတင်း ဖာပွန်‌ဒေသ ဗုံးကြဲခံရမှုအ‌ပေါ် ပြည်တွင်း ပြည်ပ ကရင်အသိုင်းအဝိုင်းမှ အပြင်းအထန်ရှုတ်ချ

ဖာပွန်‌ဒေသ ဗုံးကြဲခံရမှုအ‌ပေါ် ပြည်တွင်း ပြည်ပ ကရင်အသိုင်းအဝိုင်းမှ အပြင်းအထန်ရှုတ်ချ

3344

မတ် ၂၉ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မတ်လ ၂၇ ရက်‌နေ့နှင့် ၂၈ ရက်‌နေ့အတွင်း အကြမ်းဖက် စစ်‌ကောင်စီမှ မူ‌တြော်(ဖာပွန်)‌ဒေသရှိ ‌ဒေသ‌ကျေးရွာ များအတွင်း တိုက်‌လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုအ‌ပေါ် ပြည်တွင်း ပြည်ပ ကရင်အသိုင်းအဝိုင်း များမှ အပြင်းအထန်ရှုတ်ချ‌ကြောင်း အသီးသီးထုတ်ပြန်ခဲ့ကြသည်။

အကြမ်းဖက် စစ်‌ကောင်စီမှ ဖာပွန်‌ဒေသရှိ ‌ကျေးရွာအချို့အတွင်းသို့ မတ်လ ၂၇ရက်‌နေ့ညပိုင်းတွင် တိုက်‌လေယာဉ် ၂ စင်းဖြင့် ဗုံး ၉လုံးကြဲချခဲ့ပြီး ‌နောက်‌နေ့ နံနက် မတ်လ ၂၈ရက်‌နေ့တွင် အလားတူ ‌နောက်ထပ် ဗုံးကြဲတိုက် ခိုက်မှုများပြုလုပ်ခဲ့ပြီး အရပ်သား ထိခိုက်‌သေဆုံးမှုများနှင့် အိုးအိမ်ပျက်စီးမှုများ ဖြစ်‌ပေါ်ခဲ့ခြင်းအ‌ပေါ် အပြင်းအထန် ရှုတ်ချမှုများပြုလုပ်ကြခြင်းဖြစ်သည်။

၎င်းဖြစ်ရပ်များသည် နှစ် ၃ဝ နီးပါးအတွင်း ပထမ ဦးဆုံးအကြိမ်ဖြင့် ကရင်ပြည်နယ်အတွင်း စစ်တပ်၏ ဗုံးကြဲ တိုက်ခိုက်မှု တဖန် ပြန်လည် ဖြစ်ပွားခြင်းဖြစ်ပြီး ၎င်းလုပ်ရပ်အ‌ပေါ် အပြင်းအထန် ရှုတ်ချ‌ကြောင်း နိုင်ငံတကာကရင်အဖွဲ့(IKO)မှ ယမန်‌နေ့ (မတ်လ ၂၈ ရက်) ‌နေ့စွဲဖြင့် သ‌ဘောထားထုတ်ပြန် ရှုတ်ချခဲ့သည်။

ထို့အပြင် နိုင်ငံတကာအစိုးရများအ‌နေဖြင့်လည်း မြန်မာစစ်တပ်၏ အရပ်သားပြည်သူလူထုများအ‌ပေါ် ဆန့်ကျင် တိုက်ခိုက်မှုအတွက် အား‌ပေးရာ‌ရောက်သည့် လုပ်ငန်း ကုမ္မဏီများ၊ဘဏ်လုပ်ငန်းများအ‌ပေါ် အ‌ရေးယူပိတ်ဆို့မှု များ ချမှတ်လုပ်‌ဆောင်သွားရန်လည်း IKO မှ တိုက်တွန်း‌တောင်းဆိုထားသည်။

အလားတူ ဥ‌ရောပ‌ရောက် ကရင်တိုင်းရင်းသားများဖြင့် စုစည်းထားသည့် ဥ‌ရောပ ကရင်ကွန်ယက် အဖွဲ့ကလည်း လက်ရှိ ဗုံးကြဲတိုက်ခိုက်မှုနှင့် တစ်ရက်အတွင်း မြန်မာပြည်တစ်ဝှမ်း ပြည်သူလူထု တစ်ရာ‌ကျော်သတ်ဖြတ်ခံရမှု အ‌ပေါ် ဥ‌ရောပသမဂ္ဂ(EU) အ‌နေဖြင့် အ‌ရေး‌ပေါ် တုန့်ပြန်‌ဆောင်ရွက်ရန် ယမန်‌နေ့ မတ်လ ၂၈ ရက်‌နေ့ကလည်း သတင်းထုတ်ပြန်‌တောင်းဆို လိုက်သည်။

EU အ‌နေဖြင့် မြန်မာစစ်‌ခေါင်း‌ဆောင် ၁၁ ဦးအ‌ပေါ် ဥ‌ရောပအတွင်း သွားလာခွင့်ပိတ်ဆို့ထားခြင်းမှာ ထိ‌ရောက်သည့် အ‌ရေးယူ ‌ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ EU အ‌နေဖြင့် ပြင်းထန်သည့် အ‌ရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် ဥ‌ရောပ ကရင်ကွန်ယက်က ယခုလို ‌တောင်းဆိုထားသည်။

မြန်မာစစ်တပ်ပိုင်း စီးပွား‌ရေး ကုမ္ပဏီများ၊ စွမ်းအင်ထုတ်လုပ်မှုမှ ရရှိသည့် အကျိုးအမြတ်များအ‌ပေါ်အ‌ရေးယူ ပိတ်ဆို့မှုများပြုလုပ်ရန်အပြင် နိုင်ငံတကာတရားရုံး (ICC)သို့ လွှဲ‌ပြောင်း‌ရေး၊ လက်နက်ကုန်သွယ်မှု ပိတ်ပင်မှုကို အခြားတိုင်းပြည်များနှင့် ပူး‌ပေါင်း‌ဆောင်ရွက်ရန် နှင့် ကရင်ပြည်နယ်အပါအဝင် အကြမ်းဖက် စစ်‌ကောင်စီ ၏ အကြမ်းဖက်လုပ်ရပ်များကို ခံစား‌နေရပြီး စစ်‌ပြေး‌ရှောင်ဖြစ်‌ပေါ်‌နေရသည့် မြန်မာနိုင်ငံ၏ ကျန်တိုင်းရင်းသား ‌ဒေသများတွင်လည်း သိသာထင်ရှားသည့် လူသားချင်းစာနာ‌ထောက်ထားမှု အကူအညီများ‌ပေးရန်ကို EUသို့ ‌တောင်းဆို ထားသည်။

အလားတူ သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်မှ ၎င်းတို့၏ ငြိမ်းချမ်း‌ရေး ဥယျာဉ်အတွင်းရှိ ‌ကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ရာတွင် စစ်‌ကောင်စီအ‌နေဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ရပ်တန့်ရန်အပြင် လူသားချင်းစာနာမှု အကူအညီများကိုလည်း ‌တောင်းဆိုခဲ့ပြီး အာဏာသိမ်း စစ်တပ်၏ယခုလုပ်ရပ်များအ‌ပေါ် နိုင်ငံတကာမှ ဝိုင်းဝန်းကန့်ကွက်ရန်၊နိုင်ငံ တကာ ခုံရုံးတွင် စစ်‌ဆေး‌ရေးယူရန် အပြင် လက်နက်ခဲယမ်း‌ရောင်းဝယ်မှုကို ဝိုင်းဝန်းပိတ်ပင်ရန် အသိ‌ပေး ထုတ်ပြန် ‌တောင်းဆိုခဲ့သည်။

KNU တပ်မဟာ(၅)မှ မတ် ၂၇ရက်တွင် စစ်‌ကောင်စီ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး‌နောက် ထို‌နေ့ ညပိုင်း နှင့် ‌နောက်‌နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်‌ကောင်စီမှ တိုက်‌လေယာဉ်များအသုံးပြု၍ ပြန်လည် ဝင်‌ရောက် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ထိုပစ်ခတ်မှု‌ကြောင့် ‌ဒေသခံ ‌ကျေးရွာသား ၃ဦး‌သေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိကာ ‌နေအိမ်တချို့ပျက်စီးသွားပြီး ‌ထောင်နှင့်ချီသည့် ‌ဒေသခံများ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း ‌ရှောင်‌နေကြရသည်။