မတ်လ ၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှု သွားရောက်ပြုလုပ်မည့် ဒေါန အရှေ့ဖက်ခြမ်း သပိတ်စစ်ကြောင်းသည် ယနေ့ မတ်လ ၉ရက်၊ နံနက်ပိုင်းက တားဆီးမှုများနှင့် ကြုံတွေ့ခဲ့ရ သော်လည်း စစ်ကြောင်းကို ဆက်လက်ချီတက်ခဲ့ကြသည်ဟု သိရသည်။
ဒေါနအရှေ့ဖက်ခြမ်းရှိ စုကလိ၊ ဝေါ်လေ၊ အူဖိုးထာ ၊ သေဘောဘိုး စသည့် ကျေးရွာအုပ်စုများမှ ရာနှင့်ချီသော ဒေသခံရွာသားများစုပေါင်း၍ မြဝတီမြို့သို့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲသွားရောက်ပြုလုပ်ရန် ယနေ့ စုစည်းရာတွင် နယ်မြေခံ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)မှ လုံခြုံရေးအရ မသွားကြရန် တားမြစ်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်မည့်သူ ရွာသားတစ်ဦးက “တစ်ခုခုဖြစ်မှာကို စိုးရိမ်လို့ ပေးမသွားတာလို့ ပြောတယ်။ အခု ကျနော်တို့သွားတာက စစ်အာဏာရှင်ကို တော်လှန်တာဖြစ်ပါတယ်။ စစ်အာဏာရှင်ကို တော်လှန်တာကို သူတို့တားတယ်ဆိုတော့ သူတို့လည်း စစ်အာဏာရှင်ဘက်ကို ရပ်တည်တာနဲ့အတူတူပဲပေါ့။ ကျနော်တို့ကို မကာကွယ်ပေးနိုင်ရင်တောင်မှ မနှောက်ယှက်သင့်ဘူး ထင်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
တားမြစ်မှုများရှိသော်လည်း ဒေါနအရှေ့ဘက်ခြမ်း ဒေသခံရွာသားများသည် တားမြစ်ချက်များကို ဥပေက္ခာပြု ကာ သပိတ်စစ်ကြောင်းကို လေးကေကော်မြို့သစ်သို့ ဆက်လက်ချီတက်ပြီး ထိုမှတစ်ဆင့် မြဝတီမြို့အထိ ဆက်လက် ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း ပါဝင်သူများက ပြောဆိုသည်။
တားမြစ်ရသည့်အကြောင်းနှင့်ပတ်သက်၍ DKBA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောစတီးက “ကျနော် တို့ပြည်သူတွေ တစ်ခုခုဖြစ်လာရင် ဘယ်သူက အာမခံပေးမလဲ ဦးဆောင်သူကို ကျနော်မေးတယ်။ အခြေအ နေကို နည်းနည်းစောင့်ကြည့်ပါအုံးလို့ ကျနော်ပြောတယ်ပေါ့နော်။ တစ်ခုခု ဖြစ်လာရင် ခက်မယ်။ ကျနော်တို့ လည်း အပြည့်အဝ အာမ မခံနိုင်ဘူးလေ။ ဒါပေမယ့် ကျနော်ပြောတယ်။ ခင်ဗျားတို့ စိတ်အားထက်ရင် သွား ပေါ့နော်။”ဟု ကေအိုင်စီသို့ ပြောသည်။
ဒေါနအရှေ့ဘက်ခြမ်းရှိ ဒေသခံများ စုပေါင်း၍ မြဝတီမြို့သို့ ချီတက်ဆန္ဒပြရန် စီစဉ်မှုမှာ ယခုတစ်ကြိမ် အပါ အဝင် ၄ကြိမ်မြောက်ဖြစ်သည်။ မြဝတီမြို့တွင် ပြီးခဲ့သည့်အပတ်က ပစ်ခတ်ဖြိုခွင်းမှုနှင့် ဖမ်းဆီးမှုများကြောင့် ဆန္ဒပြမည့်သူများ လူစု၍မရသည့် အခြေအနေတွင်ရှိသလို လူစုလူဝေး ပြုလုပ်မည့်နေရာများကိုလည်း ရဲနှင့် စစ်တပ်ပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြားက နေရာယူထားလျက်ရှိသည်ဟု သိရသည်။
နောက်ဆုံးရရှိသည့်သတင်းအရ အဆိုပါ ဒေါနအရှေ့ဘက်ခြမ်းသပိတ်စစ်ကြောင်းကို လေးကေကော်မြို့သစ်မရောက်ခင် ခလယ်ကလိုးနေရာအရောက်တွင် မြန်မာစစ်တပ်၏ ထပ်မံတားမြစ်ခံမှုရှိသော်လည်း သပိတ်စစ်ကြောင်းကို ဆက်လက်ချီတက်နေဆဲဖြစ်သည်။



















