Home သတင်း တပ်မ‌တော်‌နေ့ အခမ်းအနား တက်‌ရောက်ရန် မ‌သေချာဟု ကရင်လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့‌ပြော

တပ်မ‌တော်‌နေ့ အခမ်းအနား တက်‌ရောက်ရန် မ‌သေချာဟု ကရင်လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့‌ပြော

13059

မတ်လ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

မတ်လ ၂၇ ရက်‌နေ့တွင် စစ်‌ကောင်စီတပ်မှ ကျင်းပမည့် တပ်မ‌တော်‌နေ့အခမ်းအနားကို တက်‌ရောက်ရန် မ‌သေ ချာ‌ကြောင်း ကရင်လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော် (DKBA)နှင့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC)တို့ တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ကရင်လက် နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့သည် စစ်‌ကောင်စီမှ ကျင်းပမည့် တပ်မ‌တော်‌နေ့ အခမ်းအနားသို့ တက်‌ရောက်မည်ဟု သတင်းထွက်‌ပေါ်‌နေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကရင်လက်ကိုင်အဖွဲ့တာဝန်ရှိသူများကို ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာတွင် ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ် သည်။

DKBAမှ ‌ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ‌စောမူးခိုက “ဒါက ‌ကောလာဟလပဲ ကြား‌နေရတယ်။ စစ်ဦးစီးချုပ်နဲ့ ကျ‌နော် တို့ CEC ‌တွေနဲ့ ‌ပြောဆို‌ဆွေး‌နွေးတာ‌တွေဘာမှမရှိ‌သေးပါဘူး။ သူများ‌ပြောတာပဲကြားရ‌သေးတယ်။ ဒီစစ် တပ်က လူဆိုး၊ လူမိုက်ဖြစ်သွားပြီး လူ‌တွေသတ်ဖြတ်တဲ့အတွက် ကျ‌နော်တို့‌တွေ သွားပြီး‌ထောက်ခံဖို့က အဓိ ပ္ပါယ်မရှိဘူး‌လေ။ သွားမယ်ဆိုရင်‌တောင်မှ ပုဂ္ဂိုလ်‌ရေးအရ သွားတာပဲဖြစ်မှာပါ။ အဖွဲ့အစည်းအ‌နေနဲ့ သွားမှာမဟုတ်ပါဘူး။ ဖိတ်ရင်‌တောင်မှ သွားမှာ မဟုတ်ပါဘူး။ အ‌ခြေအ‌နေကို ကျ‌နော်တို့ နားစွင့်ရပါမယ်။ သွားရင် ပြည်သူ‌တွေက ကျ‌နော်တို့ကို အမြင်ရှင်းမှာမဟုတ်ပါဘူး”ဟု ‌ပြောသည်။

မတ်လ ၂၇ ရက်‌နေ့တွင် ကျင်းပမည့် စစ်‌ကောင်စီ စစ်တပ်၏ တပ်မ‌တော်‌နေ့အခမ်းအနားကို အဲန်စီ‌အေ အပစ်ရပ် လက်မှတ်ထိုးထား‌သော ကရင်လက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် DKBA နှင့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ အပြင် မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ (ALP) တို့ တက်‌ရောက်ကြမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်‌ပေါ်ခဲ့ခြင်းဖြစ်သည်။

ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ၏ တွဲဖက်အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စော‌ကျောညွန့်ကလည်း “ဆက်ဆံ‌ရေးရုံးက တာဝန်ရှိတဲ့သူ‌တွေက ဒီအခမ်းအနားကိုတက်ဖို့ နာမည်စာရင်း‌တွေ‌ပေးထားတာရှိတယ်လို့ ကြားတယ်။ စာနဲ့‌ပေနဲ့ ဆုံးဖြတ်ချက်ချတာတစ်ခုမှ မရှိဘူး။ ဒါက ကျ‌နော်တို့‌တွေ အ‌လေးမထားမိလို့ အားနည်းချက် တစ်ခုဖြစ်သွားတဲ့အတွက် ကြီးမားတဲ့သင်ခန်းစာတစ်ခုဖြစ်သွားတယ်‌ပေါ့‌နော်။ ကျ‌နော် နားလည်တာက ‌အောက်‌ခြေက ‌ခေါင်း‌ဆောင်‌တွေက စကားနည်းနည်းကျွံသွားတဲ့ သ‌ဘောပဲဖြစ်မှာပါ။ ဗဟို အဆင့် အ‌နေနဲ့က‌တော့ သွားတက်မှာမဟုတ်ပါဘူး။ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ရှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ/ရှမ်းပြည်တပ်မ‌တော် ( RCSS/ SSA)၊ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ် (PNLO)တို့အပါအဝင် အပစ်ရပ် စာချုပ် လက်မှတ် ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းအများစုမှာ အဆိုပါ အခမ်းအနားကို တက်‌ရောက် မည်မဟုတ်‌ကြောင်း သိရှိရသည်။

အပစ်ရပ်တိုင်းရင်သားလက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း ၁ဝ ဖွဲ့သည် စစ်တပ်၏ အာဏာသိမ်းမှုအ‌ပေါ် ဆန့်ကျင်ကန့်ကွက်‌ကြောင်း၊ အာဏာသိမ်း စစ်‌ကောင်စီနှင့် နိုင်ငံ‌ရေးအရ ‌တွေ့ဆုံညှိနှိုင်းမှုများကို ရပ်ဆိုင်းထား မည်ဖြစ်‌ကြောင်း ‌ဖေ‌ဖော်ဝါရီလ ၂ဝရက်‌နေ့တွင် ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဖမ်းဆီးထား‌သော နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်များကို ချွင်းချက်မရှိ လွတ်‌ပေးရန်‌တောင်းဆို‌ကြောင်းနှင့် စစ်‌ကောင်စီ၏ လက်နက်ကိုင်အုပ်စုများမှ စစ်အာဏာရှင် ဆန့်ကျင်‌ရေး ဆန္ဒ‌ဖော်ထုတ်ကြသူများအ‌ပေါ် အကြမ်းဖက်ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းအ‌ပေါ် အပြင်းအထန်ရှုတ်ချ‌ကြောင်းလည်း အပစ်အရပ် တိုင်းရင်းသားလက်ကိုင်အဖွဲ့များက ‌တောင်းဆိုထားသည်။