ဖေဖော်ဝါရီ ၈ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် ဆိုးလ်မြို့ရှိ မြန်မာသံရုံးများနှင့် ကုလသမဂ္ဂ(ယူအဲန်)ရုံး အပါ အဝင် နေရာငါးခု၌ ဖေဖော်ဝါရီလ ၇ရက်နေ့တွင် မြန်မာစစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည့်အတွက် စစ် အာဏာရှင်စနစ် အလိုမရှိသည့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြရာ စုစုပေါင်း လူဦးရေ ၂၅ဝခန့်ရှိသည်ဟု သိရသည်။
ဆိုးလ် ဂွမ်းဟားမွန် စကွဲယား၊ မြန်မာသံရုံး၊ မြန်မာကောင်စစ်ရုံး၊ ကုလသမဂ္ဂရုံးနှင့် ကိုရီးယား လွှတ်တော်အဆောက်အ အုံရှေ့တို့တွင် ဆန္ဒပြသူများက ကိုရီးယားအစိုးရ၏ ကိုဗစ်ရောဂါ တားဆီးကာကွယ်ရေး စည်းကမ်းညွှန်ကြားချက်များအ တိုင်း လိုက်နာကာ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း ကိုယ်တိုင် ပါဝင်ခဲ့သူ ကရင်လူငယ်အစည်းအရုံး-ကိုရီးယား ဌာနခွဲ ဥက္ကဌ စောလှိုင်မျိုးသိန်းက ကေအိုင်စီသို့ ယခုလို ပြောသည်။
“အဓိကအားဖြင့် ကျနော်တို့က စစ်အုပ်ချုပ်ရေးကို မလိုလားတာကို အဓိက တောင်းဆိုကြပြီး ဒီမိုကရေစီ ပြန်အသက် ဝင်ဖို့နဲ့ အရပ်သားအစိုးရ ပြန်ဖြစ်ဖို့အတွက်သူတို့လိုလားတယ်။ ကိုယ့်နိုင်ငံ ပြန်လည် ရှင်သန်နိုင်ဖို့အတွက်ပဲ ဆန္ဒပြကြ ခြင်းဖြစ်ပါတယ်။ လက်ရှိ စစ်အာဏာရှင်ကို အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး အရပ်သားအစိုးရကို အာဏာ ပြန်လွဲပြောင်း ပေးဖို့အတွက် ဖိအားတွေပေးပြီးတော့ ပြောင်းလဲမှုတွေ အမြန်ဆုံးပေါ်ထွန်းလာအောင် လုပ်ဆောင်ပေးဖို့ နိုင်ငံတကာ ကိုလည်း တိုက်တွန်းချင်တယ်။”ဟု ဆိုသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ၏ ရည်ရွယ်ချက်မှာ အာဏာသိမ်း မြန်မာစစ်တပ် အမြန်နှုတ်ထွက်ရေးနှင့် ဒီမိုကရေစီကို ပြန် လည်အပ်နှင်းရန်အတွက် ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာလူမျိုးများ၏ စည်းလုံးမှုနှင့် ခုခံတော်လှန်သည့်စိတ်ကို ပြသ ခြင်း၊ မြန်မာနိုင်ငံ၏အခြေအနေနှင့် တိုင်းသူပြည်သားများ၏ဆန္ဒကို ကိုရီးယားလူ့အဖွဲ့အစည်းအား တိုက်ရိုက် အသိပေး ခြင်းများဖြစ်ကြောင်း ၎င်းတို့၏ သတင်းစာရှင်းလင်းပွဲ ဖိတ်စာထဲတွင် ဖော်ပြထားသည်။
ကိုရီးယားဆန္ဒပြပွဲတွင် ကိုရီးယားနိုင်ငံရှိ မြန်မာကျောင်းသူကျောင်းသားများ၊ အလုပ်လုပ်ကိုင်နေကြသူများနှင့် ရွှေ့ ပြောင်းနေထိုင်နေကြသူများက မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် အမြန်ရုတ်သိမ်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရဝန်ထမ်းများ ချက်ချင်းလွှတ်ပေး၊ လူထုသာလျှင် အာဏာပိုင်စိုးပါသည် ဟူ၍ ကြွေးကြော်ခဲ့ကြသည်။
ကိုရီးယားနိုင်ငံတွင် ကိုဗစ်ကူးစက်မှုကြောင့် လူစုလူဝေး ပြုလုပ်ခွင့် ဥပဒေအရ လူ ၉ဦးထက်ပို၍ ဆန္ဒပြခွင့်မရှိကြောင်း၊ တစ်ယောက်ချင်းအားဖြင့် မည်သည့်နေရာ၌မဆို ဆန္ဒပြနိုင်ပြီး ထိုင်း၊ ဂျပန်၊ အမေရိကန်၊ ဩစတြေးလျားနိုင်ငံများကဲ့သို့ လူအင်အား အလုံးအရင်းဖြင့် ပြုလုပ်ခွင့်မရကြောင်း ပါဝင်သူများက ပြောဆိုသည်။
အလားတူ မြန်မာနိုင်ငံသား များစွာ နေထိုင်သော ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့ရှိ ဘူဖျောင်းရပ်ကွက်၌လည်း စနေ၊ တနဂင်္နွေနေ့များနှင့် ကြား အားလပ်ရက်များတွင် ခွင့်ပြုချက် မလိုသည့် တစ်ဦးတစ်ယောက်ချင်း ဆန္ဒပြကြသည်များ လည်း ရှိသည်။
ဆန္ဒပြပွဲကို ပါဝင်ခဲ့သူ စောကြည်ထွန်းက “ဘူဖျောင်းမှာကျတော့ အပတ်စဉ်ကော၊ ကြားရက်တွေကော တစ်ယောက် ချင်း တစ်ကိုယ်ချင်းစီ ဆန္ဒပြကြတယ်။ လူကိုးယောက်၊ ငါးယောက် စုမယ်ဆိုရင်တော့ ရဲစခန်းမှာသွားပြီး ခွင့်ပြုမိန့် တောင်းမှ ရတာ။”ဟု ကေအိုင်စီသို့ ပြောသည်။
ဆန္ဒပြမှု ငါးနေရာတွင် စစ်သံရုံးရှေ့၌ လူ ၁၀၀ကျော်၊ ဆိုးလ် ဂွန်ဟားမွန်စကွဲယားတွင် လူ ၁၀ဝနီးပါး၊ မြန်မာသံရုံး၊ ကုလသမဂ္ဂရုံးနှင့် လွှတ်တော်(ပါလီမန်)ရုံးများရှေ့တွင် လူအယောက် ၂ဝ ဝန်းကျင်စီ ပါဝင်ခဲ့ကြသည်ဟု ၎င်းက ဖြည့် စွက်ပြောဆိုသည်။
အဆိုပါဆန္ဒပြပွဲများကို မနက် ၈နာရီမှ မွန်းလွှဲ ၃နာရီအထိ တစ်ဦးနှင့်တစ်ဦး မီတာ ၂၀ဝခန့်ခွာကာ တစ်ဦးချင်းစီသော် လည်းကောင်း၊ သတ်မှတ်ထားသည့် အရေအတွက်ထက် မပိုသော အုပ်စုလိုက်သော်လည်းကောင်း တစ်နာရီခြားပုံစံမျိုး ဖြင့် ဆန္ဒပြကြ၊ ကြွေးကြော်ခဲ့ကြသည်။