Home သတင်း ရန်ကုန်မြို့ ဗဟိုဘဏ်‌ရှေ့ ပြည်သူ ‌သောင်းချီ ဆန္ဒပြ၊ ဘဏ်ခွဲအများစု ပိတ်ထား

ရန်ကုန်မြို့ ဗဟိုဘဏ်‌ရှေ့ ပြည်သူ ‌သောင်းချီ ဆန္ဒပြ၊ ဘဏ်ခွဲအများစု ပိတ်ထား

1978

‌ဖေ‌ဖေါ်ဝါရီ ၁၅ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁) စက်မှုလမ်းမကြီး‌ပေါ်ရှိ မြန်မာနိုင်ငံ‌တော် ဗဟိုဘဏ်‌ရှေ့တွင် ပြည်သူ ‌သောင်းချီ လာ‌ရောက်ဆန္ဒထုတ်‌ဖော်လျက်ရှိပြီး ရန်ကုန်မြို့‌ပေါ်ရှိ ပုဂ္ဂလိက ဘဏ်ခွဲအများစု ပိတ်ထား‌ကြောင်း သိရသည်။

ယ‌နေ့ (‌ဖေ‌ဖော်ဝါရီ ၁၅) ရက်‌နေ့တွင် အဆိုပါ ဗဟိုဘဏ်‌ရှေ့တွင် စစ်တပ်သုံးတင့်ကားများ၊ စစ်ကားများ၊ ရဲ ကားများ၊ မီးသတ်ကားများဖြင့် လုံခြုံ‌ရေးချထား‌သော်လည်း လူ‌သောင်းချီက “ ရုံးမတက်နဲ့ ရုန်းထွက်”၊ “ စစ်အာဏာရှင်စနစ် အလိုမရှိ၊ အလိုမရှိ”၊ “ ဖမ်းဆီး ထား‌သော‌ခေါင်း‌ဆောင်များ ချက်ချင်းလွတ်၊ ချက်ချင်းလွတ်” စသည့် ‌ကြွေး‌ကြော်သံများဖြင့် မွန်းလွဲပိုင်းအချိန်ထိ လူ‌သောင်းချီက စစ်တပ် အာဏာသိမ်းခြင်းကို ဆန့်ကျင်ဆန္ဒထုတ်‌ဖော် လျက်ရှိသည်။

ထို့အပြင် ရန်ကုန်မြို့‌ပေါ်ရှိ ပုဂ္ဂလိက ဘဏ်ခွဲအများစု ပိတ်ထားသလို ဘဏ်များကို အ‌ခြေပြုကာ အွန်လိုင်း ‌ငွေ‌ပေး‌ချေစနစ်အများစုလည်းရပ်ဆိုင်း‌နေ‌ကြောင်း ရန်ကုန်မြို့ခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ အိမ်မှာ တပ်ထားတဲ့ အင်တာနက်ဖိုးကို ဘဏ်က ‌ငွေသွင်း‌ပေး‌ချေဖို့ သွားတာ ပုဂ္ဂလိက ဘဏ်ခွဲ‌တွေ ပိတ်ထားတယ်။ Wave Money နဲ့လည်း လွှဲလို့မရဘူး။ ခက်‌နေတယ်” ဟု ရန်ကုန်မြို့လယ်တွင် ‌နေထိုင်သူ တဦးက ‌ပြော သည်။

ထိုသို့ ပုဂ္ဂလိက ဘဏ်ခွဲအများစု ပိတ်ထား‌သော်လည်း ဘဏ်များကို ကြီးကြပ်သည့် ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များ ပိတ်ရန် တရားဝင်ညွှန်ကြားထားခြင်း မရှိ‌ကြောင်း ပုဂ္ဂလိက ဘဏ်တစ်ခုမှ အကြီးတန်း အရာရှိကြီး တဦးက ‌ပြောသည်။

လက်ရှိ ဗဟိုဘဏ်‌ရှေ့တွင် လူများ ဆန္ဒပြရာ လုံခြုံ‌ရေးယူထားသည့် စစ်ကားများ‌ရှေ့တွင် ဆိုင်းဘုတ်များ ကိုင် ‌ဆောင်ဆန္ဒပြ‌နေသလို ရန်ကုန်ဗဟိုဘဏ်‌ရှေ့အနီးတဝိုက်တွင် ထိုင်သပိတ်ဆင်နွှဲ‌နေခြင်းများလည်း ရှိသည်။ ထို့အပြင် အစု၊ အဖွဲ့အလိုက် အသီးသီး ဆိုင်ဘုတ်များ ကိုင်‌ဆောင်ကာ ‌ကြွေး‌ကြော်သံများ ဖြင့် ဆန္ဒထုတ် ‌ဖော်‌နေ‌ကြောင်း သတင်းရရှိသည်။