ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နေနော်
ကရင်ပြည်နယ် မြဝတီမြို့မရဲစခန်း အချုပ်ထောင်မှ အချုပ်သား ၈ ဦးတွင် Covid- 19 ရောဂါပိုးတွေ့ရှိရ၍ လက်ရှိအချုပ်ခန်းအတွင်းရှိ အချုပ်သား ၂၀ဝ ခန့်အား ကိုဗစ်ပိုးရှိမရှိ သိနိုင်ရန် နှာခေါင်းတို့ဖတ် Swab နမူနာယူကာ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့က မြဝတီရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် အငယ်တန်း စာရေးမ ၁ ဦးတို့ထံမှ Covid-19 ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ယင်းတို့နှင့် ထိတွေ့မှုရှိခဲ့ သူများကို နှာခေါင်းတို့ဖတ် Swab နမူနာယူ၍ ပိုးရှိမရှိစစ်ဆေးရာ ယနေ့ (ဒီဇင်ဘာ ၁၉ရက်) တွင် မြဝတီရဲစခန်းမှ အချုပ်သား ၈ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁ ဦး နှင့် ရဲမိသားစုဝင် ၃ ဦး တို့ထံမှ ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ အချုပ်သား ၈ ဦးထံမှ ကိုဗစ်ပိုးတွေ့ရှိရ၍ ၎င်းတို့ကို သီးသန့်ထားရှိကာ ဆေးကုသမှု ခံယူစေမှာဖြစ်ပြီး လက်ရှိမြဝတီရဲစခန်း အချုပ်တွင်းရှိ အချုပ်သား ၂၀ဝ ဦးခန့်အား နှာခေါင်း တို့ဖတ် အာခေါင်တို့ဖတ် Swab နမူနာယူ၍ ကိုဗစ်ပိုးရှိမရှိ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြဝတီရဲစခန်းမှ သိရသည်။
၎င်းအပြင် မြဝတီရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် မိသားစုဝင် ၄ ဦး ကိုဗစ်ပိုးတွေ့ရှိထားပြီးဖြစ်၍ ရဲစခန်းဝင်းအတွင်းနေထိုင်သူများကို ကျန်းမာရေးစောင့်ကြည့်မှုများပြုလုပ်လျက်ရှိပြီး ထိတွေ့ မှုရှိခဲ့သူများကို နှာခေါင်းတို့ဖတ် Swab နမူနာယူကာ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြဝတီရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ် မင်းမင်းထွန်းက ပြောသည်။
မြဝတီမြို့တွင် ယနေ့ (ဒီဇင်ဘာ ၁၉ ရက်) ည ၇ နာရီအချိန်ထိ တစ်ရက်အတွင်း Covid-19 ပိုးတွေ့လူနာ ၄၉ ဦးထိ စံချိန်တင်တွေ့ရှိပြီး မြို့တွင် စုစုပေါင်း ပိုးတွေ့လူနာ ၃၉၄ ဦးထိရှိပြီဖြစ်သည်။ ယင်းတို့အနက် ရောဂါပျောက်ကင်းသူ ၂၂၈ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိကာ လက်ရှိဆေးကုသမှုခံယူနေသူ ၁၆၅ ဦးရှိကြောင်းသိရှိရသည်။