အောက်တိုဘာ ၂၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စောရှား
ဖားအံမြို့ရှိ အသက် ၆ဝ နှင့်အထက် အသက်အရွယ်ကြီးရင့်သူများမှာ သက်ဆိုင်ရာရပ်ကွက် မဲရုံအသီးသီး၌ ယနေ့(အောက်တိုဘာ ၂၉)တွင် ၂၀၂ဝ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ကြိုတင်မဲများ စတင်ပေးနေပြီ ဖြစ်သည်။
အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိ နိုင်ငံအဝှမ်းရှိ သက်ကြီးများ ၊ ကိုယ်ဝန်ဆောင်များ၊ မသန် စွမ်းသူများ ကြိုတင်မဲပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ ဖားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကြည်လင်းကပြောသည်။
“ရောဂါအခြေအနေကြောင့် နိုင်ငံတော်ကနေပြီး ၈ ရက် သီးခြားပြန်လုပ်ပေးခြင်းဖြစ်တယ်။ တိုးကြိတ်ခြင်းမရှိ သက်သက်သာသာနဲ့ ကိုယ့်ရပ်ကွက်ရုံးမှာ လာထည့်နိုင်အောင် လုပ်ထားပေးတဲ့အတွက် မဲပေးပိုင်ခွင့် ရှိတဲ့ အဖိုး၊ အဖွားများအားလုံး မဲလာထည့်ပေးနိုင်ရင် ပိုကောင်းတယ်ပေါ့နော်။” ဟု ကေအိုင်စီသို့ ပြော သည်။
ပြီးခဲ့သည့် ၂၀၁ဝ နှင့် ၂၀၁၅ ရွေးကောက်ပွဲ အတွေ့ကြုံအရ သက်ကြီးများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင် မိခင်များအတွက် ယခုလို ကြိုတင်မဲပေးမည့်ရက်များ မရှိခဲ့ကြောင်း ဦးကြည်လင်းက ဆက်ပြောသည်။
အမှတ် (၆)ရပ်ကွက်ရုံးတွင် မဲလာထည့်သည့် အသက် ၇၃ နှစ်အရွယ် နန်းခင်မြက “လွန်ခဲ့တဲ့ ၂ ကြိမ်အပါအဝင် အခုတစ်ခါပါဆို ၃ ကြိမ်လုံး မဲလာထည့်တယ်ပေါ့။ ပြည်သူလူထုတွေအတွက် ဖွံ့ဖြိုးတိုးတက်အောင် လုပ် ဆောင် ပေးနိုင်ဖို့ ရည်ရွယ်ပြီး မဲထည့်တာပေါ့။” ဟု ပြောသည်။
မဲလာထည့်သူ အသက် ၇၄ နှစ် စောမြတ်စိုးကလည်း “မဲအကြိမ်တိုင်းလာထည့်တယ်။ လွှတ်တော် ကိုယ် စားလှယ် တစ်ယောက်က တာဝန်သိပြီး လူထုအတွက် ကြိုးစားလုပ်ကိုင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး မဲလာထည့် တာ ပါ။ အရင်ကိုယ်စားလှယ်တွေကိုတော့ အားမရဘူး၊ ကြိုးစားမှုနည်းတယ်။ ဒီတစ်ခါတော့ ပိုကြိုးစားပေးစေလို တယ်။” ဟု ပြောသည်။
နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များတွင် မဲရုံဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများ၊ ရွေးကောက်ပွဲနေ့ကျင်းပသည့် နိုဝင်ဘာ ၈ရက်နေ့တွင် နိုင်ငံခြား သို့ သွားရန်ရှိသည့်သူများလည်း ကြိုတင်မဲထည့်ရမည်ဖြစ်သည်။