Home အယ်ဒီတာ့အာဘော် ၇နှစ်ပြည့် ကရင်သတင်းစဉ်၏ စာဖတ်သူများသို့ သဝဏ်လွှာ (အယ်ဒီတာ့ အာ‌ဘော်)

၇နှစ်ပြည့် ကရင်သတင်းစဉ်၏ စာဖတ်သူများသို့ သဝဏ်လွှာ (အယ်ဒီတာ့ အာ‌ဘော်)

2175

အယ်ဒီတာ့ အာ‌ဘော်

၇ နှစ်ပြည့် ကရင်သတင်းစဉ်၏ စာဖတ်သူများသို့ သဝဏ်လွှာ

ယခုဩဂုတ်လထုတ် ကရင်သတင်းစဉ်သည် မြန်မာပြည်အတွင်း၌ အ‌ခြေစိုက်ပြီး တရားဝင် ထုတ်‌ဝေလာခဲ့သည်မှာ ၇နှစ် တင်းတင်းပြည့်ပြီး ဖြစ်သည်။ ၇နှစ်ပြည့် အခါသမယတွင် ပထမဦးစွာ ကရင်သတင်းစဉ်ကို အား‌ပေးသူ စာဖတ် ပရိဿတ်များကို အထူး ‌ကျေးဇူးတင်‌ကြောင်း ‌ပြောလိုသည်။ အမှန်စင်စစ် ကရင်သတင်းစဉ်သည် ကရင့်‌တော်လှန် ‌ရေးနယ်‌မြေ၊ ‌တော်လှန်‌ရေးအသိုင်းအဝိုင်းမှ ‌မွေးဖွားလာသည့် သတင်းစာ‌စောင်တစ်ခု ဖြစ်သည်။ ကရင်ပြည်သူများ အား သတင်းအချက်အလက်များ၊ ဗဟုသုတဆိုင်ရာများ ရရှိ‌စေလိုသည့် ရည်ရွယ်ချက်ဖြင့် ယခင် စစ်အစိုးရလက် ထက်ကတည်းက နယ်စပ်အ‌ခြေစိုက်ကာ ထုတ်‌ဝေခဲ့‌သော်လည်း နိုင်ငံ‌ရေး‌ရေစီး‌ကြောင်းအရ ပြည်တွင်း၌ ပြန်လည် အ‌ခြေစိုက်ကာ သတင်းထုတ်လုပ်မှုများကို ဆက်လက် ထုတ်‌ဝေဖြန့်ချိလာခဲ့သည်။

ကရင်သတင်းစဉ်သည် လစဉ်ထုတ် သတင်းဂျာနယ်အဖြစ် လွတ်လပ်သည့်မီဒီယာအ‌နေဖြင့် ရပ်တည်လာခဲ့ပြီး စာဖတ်ပရိဿတ်များအကျိုး ‌မျှော်ကိုး၍ ၂၀၁၃ခုနှစ်တွင် တရားဝင် မှတ်ပုံတင်ကာ ထုတ်‌ဝေလာခဲ့သည်မှာ ယခုဆို လျှင် ၇နှစ်တာ ခရီး‌ပေါက်ခဲ့‌လေပြီဖြစ်သည်။ လက်ရှိအချိန်တွင်လည်း ကရင်သတင်းစဉ်သည် ကရင်လူမျိုးတို့အ တွက် တခုတည်း‌သော သတင်းဂျာနယ်အဖြစ် ရပ်တည်‌နေမှုကိုလည်း မိမိတို့ လုပ်‌ဖော်ကိုင်ဖက်များ အားလုံးက ဂုဏ်ယူမဆုံး ဖြစ်ကြရသည်။

ကရင်သတင်းစဉ်ကို ထုတ်‌ဝေဖြန့်ချိ‌နေ‌သော ကရင်သတင်းဌာနသည် အင်အားကြီးကာ ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့် မီဒီယာတစ်ခုမဟုတ်‌သော်လည်း တစ်နိုင်ငံလုံးရှိ ကရင်‌ဒေသအသီးသီးနှင့် နယ်စပ်ဒုက္ခသည်စခန်းများ၊ ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံရပ်ခြားသို့ ‌ရောက်ရှိ‌နေကြ‌သော ကရင်လူမျိုးများအတွက် မျက်စိပွင့်၊ နားပွင့်‌စေလိုသည့် ရည်ရွယ်ချက် ဖြင့် ထုတ်‌ဝေဖြန့်ချိရင်း သတင်းစာကျင့်ဝတ်(ethic)ကို မြဲမြံစွာ စွဲကိုင်လျက် ရပ်တည်လာခဲ့ခြင်းဖြစ်သည်။

၇နှစ်တာအတွင်း လ‌ပေါင်းများစွာ၊ ရက်‌ပေါင်းများစွာကို ‌ကျော်ဖြတ်ခဲ့ရ‌သော်လည်း ‌ဖြောင့်ဖြူးသည့်လမ်း‌ကြောင်းတခု ကို ဖြတ်သန်းလာခြင်း‌တော့ မဟုတ်ခဲ့ပါ။ ကရင်တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်သည်နှင့်အညီ မီဒီယာ‌ဈေးကွက် အ‌ခြေအ‌နေမှာလည်း အကန့်အသတ်ရှိသည်။ ယခု‌ခေတ်ကာလ အ‌နေအထားအရ ပြည်မရှိ မီဒီယာကြီးများသည်ပင် ရပ်တည်‌ရေး၊ ‌ရေရှည်လည်ပတ်နိုင်‌ရေးအတွက် ‌ဈေးကွက်ဆိုင်ရာ ခက်ခဲ‌နေချိန်၌ ကရင်သတင်းစဉ်ဂျာနယ် လစဉ် ထုတ်လုပ်နိုင်‌ရေး လည်ပတ်မှုမှာလည်း အလားတူ အခက်အခဲ၊ စိန်‌ခေါ်မှု များစွာ ရှိပါသည်။

လုပ်ငန်းတိုင်း၊ ‌နေရာတိုင်းတွင် အားနည်းချက်ရှိသည့်နည်းတူ ကရင်သတင်းစဉ်သည်လည်း အားနည်းချက်များကို ရင်ဆိုင်ရုန်းကန်ရင်း အားသာချက်များကို အခွင့်အလမ်းတစ်ခုအဖြစ် ရယူပြီး သတင်းများကို အချိန်နှင့် တ‌ပြေးညီ တင်ဆက်‌နေ‌ပေသည်။ ထို့အပြင် သတင်း၊ ‌ဆောင်းပါး စသည့် ‌ရေးသား‌ဖော်ပြမှုများကို ကျင့်ဝတ်နှင့်အညီ လို်က်နာ ‌ဆောင်ရွက်ရင်း လွှဲ‌ချော်မှုအမှားများရှိပါကလည်း ပြင်ဆင်၊ ‌တောင်းပန်ရန် ဝန်မ‌လေးသည့် ပြည်နယ်အ‌ခြေစိုက် တိုင်းရင်းသားသတင်းဂျာနယ်အဖြစ် ရပ်တည်‌နေပါသည်။

နိုင်ငံတစ်ခုတွင် စတုတ္တမဏ္ဍိုင်ဖြစ်သည့် လွတ်လပ်‌သော သတင်းမီဒီယာ၏ သ‌ဘောသဘာဝအရ အစိုးရကို ‌ထောက်ပြ‌ဝေဖန် ‌ရေးသားခြင်းမျိုးလည်း ရှိနိုင်သကဲ့သို့ တစ်စုံတစ်ဦး၊ အသင်းအဖွဲ့တစ်ခုခု၏ အသုံးချခံမဖြစ်‌ရေးကို လည်း အမြဲတ‌စေ သတိချပ်ကာ လုပ်ကိုင်‌ဆောင်ရွက်ကြသည်။ နည်းပညာ‌ခေတ်တွင် အင်တာနက်ဆက်သွယ်‌ရေး အသုံးပြုမှု များပြားကျယ်ပြန့်လာချိန် (facebook)အ‌ကောင့်ထ်တစ်ခုရှိရုံ၊ လူမှုကွန်ရက်မီဒီယာစာမျက်နှာ(Page) ဖွင့်လိုက်ရုံနှင့် သတင်းစီးဆင်းမှုက မြန်ဆန်လွန်းလှသည်။ အများပြည်သူ သတင်းသိရှိမှု မြန်ဆန်သည့်နည်းတူ အခြားတစ်ဖက်တွင် သတင်းစာကျင့်ဝတ်နှင့်အညီ ခိုင်မာတိကျပြီး သတင်းခန်းမူဝါဒ(Editorial policy) ချမှတ်ကာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည့် သတင်း‌ဖော်ပြမှုမျိုးဖြစ်ရန်လည်း အ‌ရေးကြီးသည်။ ထိုသို့ဖြစ်ရန် သတင်းစာပညာကို ဝါသနာ အရင်းခံကာ အချိန်ယူ ‌လေ့လာဆည်းပူးထားပြီး အဆိုးအ‌ကောင်း သက်‌ရောက်မှုကို ချိန်ဆ‌ဖော်ပြတတ်မှ သာ တိကျ၊ မှန်ကန်၊ ဘက်မလိုက်သည့် မီဒီယာတစ်ခုအဖြစ် သိက္ခာရှိစွာ ‌ရေရှည် ရပ်တည်နိုင်မည်ဖြစ်သည်။

ကရင်သတင်းစဉ်အ‌နေဖြင့် ကရင်ပြည်သူများနှင့် ‌ဒေသခံပြည်သူများ သတင်းသိရှိ ရယူပိုင်ခွင့်ကို အ‌လေးထားကာ ကရင်တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်‌သော စာ‌ပေ၊ ယဉ်‌ကျေးမှု၊ ဘာသာစကား၊ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ သမိုင်း ‌ကြောင်းများ အပါအဝင် လူ့အခွင့်အ‌ရေး၊ တိုင်းရင်းသားများ၏ အခွင့်အ‌ရေးကို အ‌ခြေခံကာ သတင်းထုတ်လုပ်လျှက် ရှိသည်။ ထို့အပြင် နိုင်ငံ‌ရေး‌မျှော်မှန်းချက်ဖြစ်‌သော တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လမ်း‌ကြောင်းမှန်ကန် တည့်မတ်‌ရေး၊ မီဒီယာဌာနကြီးများ လက်လှမ်းမမှီနိုင်သည့် ‌ကျေးလက်‌ဒေသများ၊ နယ်စွန်နယ်ဖျားနှင့် အိမ်နီးချင်း နိုင်ငံ‌ရောက်ရှိ‌နေသူများ၏ လူ‌နေမှုအ‌ခြေအ‌နေ၊ ပဋိပက္ခနှင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှုများကို ခိုင်မာသည့် သတင်းခန်းမူဝါဒဖြင့် အ‌ရေးအသားပိုင်း ဘက်လိုက်မှုကင်း‌အောင် သတင်းများကို ဆက်လက်‌ဖော်ပြသွားမည်ဖြစ် ‌ကြောင်း ၇နှစ်ပြည့် မဂင်္လာအခါသမယတွင် ကရင်ပြည်သူ စာဖတ်ပရိဿတ်များကို သဝဏ်လွှာပါးအပ်ပါသည်။