မန်အောင်ပြည်စိုး
(၁)
၂၀၂ဝခုနှစ်ဩဂုတ်လ(၁၂)ရက်နေ့သို့ရောက်ရှိလာတော့မည်ဖြစ်ပါသည်။ ဩဂုတ်လ(၁၂)ရက် နေ့သည် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်အပေါင်းပါများ ပစ်ခတ်တိုက်ခိုက်မှုခံရပြီး ကျဆုံးသွားခဲ့သည့်နေ့ရက်ဖြစ်ပါသည်။ ထိုနေ့ထိုရက်ကို ကရင်အမျိုးသားများက “ကရင်အာဇာနည်နေ့” ဟူ၍ အသိအမှတ်ပြု မော်ကွန်းတင်ခဲ့ကြသည်။ ၁၉၅၁ခု ဧပြီလတွင် ကျင်းပခဲ့သော စောဘဦးကြီး ဖွဲ့စည်းခဲ့သည့် ကော်သူးလေအစိုးရ၏ အစည်းအဝေး၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ကရင်အမျိုး သားအရေးတို့အတွက် အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့သည့် စောဘဦးကြီး ကျဆုံးနေ့ရက်ကို “ကရင်အာဇာနည်နေ့” အဖြစ် သတ်မှတ်ကမ္ဗည်းတင်ရန် တညီတညွှတ်တည်း သဘောတူခဲ့ကြခြင်းဖြစ် သည်။ ၁၉၅၁ခုနှစ်မှ ယခု ၂၀၂ဝခုနှစ်အထိဆိုလျှင် နှစ်ပေါင်း(၇၀)တိတိ အကြိမ်(၇၀)ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။
ကရင့်သမိုင်းကို တစေ့တစောင်း ပြန်လှန်ကြည့်လျှင် KNU ခေါ် ကရင်အမျိုးသားအစည်းအရုံးကို ၁၉၄၇ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၈၈၁ခုနှစ်တွင် ကရင်အမျိုးသားရေးအတွက် စတင်ဖွဲ့စည်းဖြစ် ခဲ့သော “ဒေါကလု” ခေါ် ကရင်အမျိုးသားအဖွဲ့အစည်း (Karen National Association KNA) သည် မြန်မာနိုင်ငံတွင်းသို့ ဂျပန်များ စတင်ဝင်ရောက်သည့် ၁၉၄၂-၄၃ ခုနှစ်တွင် ဩဇာတိက္ကိမ မှေးမှိန်လာ ပါသည်။ ၎င်းနောက် KCAB (Karen Central Advisory Board) ခေါ် ကရင်ဗဟိုအကြံပေးအဖွဲ့ KCO (Karen Central Organization) ခေါ် ကရင်ဗဟိုအဖွဲ့၊ BKNA (Budhist Karen National Organization) ခေါ် ဗုဒ္ဓဘာသာကရင်အမျိုးသားအသင်း၊ KYO (Karen Youth Organization) ခေါ် ကရင်လူငယ်အဖွဲ့ချုပ် စသည်ဖြင့် ကရင့်အမျိုးသားအရေးကို ဆောင်ကြဉ်းသည့် ကရင်အဖွဲ့ အစည်းများ အလျှိုအလျှို ပေါ်ပေါက်လာခဲ့ကြပါသည်။ မြန်မာ့လွတ်လပ်ရေးရခါနီး ၁၉၄၇ခု ဖေဖော်ဝါရီလ(၅) ရက်နေ့တွင် ယနေ့ကရင့်သမိုင်း၌ ထင်ရှားကျော်ကြားတည်မြဲနေသည့် KNU (Karen National Union) ခေါ် ကရင်အမျိုးသားအစည်းအရုံးသည် အထက်ဖော်ပြပါ ကရင်အဖွဲ့အစည်း အားလုံးပူးပေါင်းပြီး တစ်ခုတည်းသော ကရင်ဦးဆောင်(ရှေ့ဆောင်)အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းပေါ်ပေါက်ခဲ့သည်ဟု ဆိုနိုင် ပါသည်။ KNU ကို ဒေါက်တာဘမော်အစိုးရနှင့်ဂျပန်တို့က ကနဦး အသိအမှတ်ပြုခဲ့ကြသည်။ ၁၉၄၉ခု ဇန်နဝါရီလ(၃၁)ရက် ကရင်တော်လှန်ရေးစတင်ပြီး နောက်မှ ဦးနု အစိုးရ၏ မတရား အသင်းအဖြစ် ကြေညာခံခဲ့ရပြီး NCA (Nation -wide Ceasefire Agreement) လက်မှတ်ထိုးခဲ့သည့် ၂၀၁၅ခုနှစ်မှသာ
တရားဝင်အဖွဲ့အစည်းအဖြစ် ပြန်လည်အသိမှတ်ပြုခြင်း ခံခဲ့ရပါသည်။ KNU ၏ ဥက္ကဋ္ဌအဖြစ် အောက်ပါပုဂ္ဂိုလ်များက အဆင့်ဆင့်တာဝန်ယူခဲ့ကြပါသည်။
စဉ် အမည် တာဝန်ယူသည့်ကာလ
၁။ စောစံဖိုးသင် ၁၉၄၇-၃၊ ဖေဖော်ဝါရီမှမေလ
၂။ စောဘဦးကြီး ၁၉၄၇- မှ-၁၉၅၀
၃။ စကောလယ်တော ၁၉၅၀-မှ-၁၉၅၇
၄။ စောဟန်တာသာမွှေး ၁၉၅၃-မှ-၁၉၆၃
၅။ မန်းဘဇံ ၁၉၆၃-မှ-၁၉၇၅
၆။ စောဘိုမြ ၁၉၇၆-မှ-၂၀ဝ၀
၇။ စောဘသင်စိန် ၂၀ဝ၀-မှ-၂၀ဝ၈
၈။ စောတာမလာဘော ၂၀ဝ၈-မှ-၂၀၁၂
၉။ စောမူတူးစေးဖိုး ၂၀၁၂-မှ-ယနေ့ထိ
ထိုပုဂ္ဂိုလ်များအနက် စောဘဦးကြီးမှာ အထင်ရှားဆုံး ပုဂ္ဂိုလ်ဖြစ်ပါသည်။
စောဘဦးကြီးသည် ၁၉၀၅ခုနှစ်တွင် အဖ စောသာမြတ်ကြီး၊အမိ နော်အေးနုတို့မှ ပုသိမ်မြို့နယ်၊ ရန်ကုန်-ပုသိမ် မီးရထားလမ်းမကြီးဘေးရှိ ဘဲဂယက်ရွာတွင် မွေးဖွားခဲ့ပြီး ၁၉၅ဝခုနှစ်တွင် ပစ်ခတ် သက်ဖြတ်ခြင်းခံရသဖြင့် အသက်(၄၅)နှစ်အရွယ်၌ ကွယ်လွန်သွားခြင်းဖြစ်ပါသည်။
(၂)
ကရင်အာဇာနည်နေ့ ပေါ်ပေါက်လာပုံအကျဉ်းကို ဖော်ပြပြီးနောက် ကရင်အာဇာနည်ဆို သည်မှာဘာလဲဟူသည့် မေးခွန်းကို အဖြေရှာကြရန် လိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အပေါင်း ပါများကို တိုင်းပြည်၏ အာဇာနည်ခေါင်းဆောင်ကြီးများဟု အသိအမှတ်ပြုကြရာ၌ အဓိကအားဖြင့် နိုင်ငံ့လွတ်လပ်ရေးရရှိအောင် ဦးဆောင်ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့်ဖြစ်သည်။ စောဘဦးကြီးသည် ကရင်ပြည်ရရှိရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သော်လည်း သူကွယ်လွန်ပြီးသည့်နောက်ဖြစ်စေ၊ ယခု အချိန်အထိဖြစ်စေ၊ ကရင်များလိုလားရယူချင်သည့် ကရင်ပြည်အမျိုးအစားကို မရရှိခဲ့ပေ။ စောဘဦးကြီး ကိုယ်တိုင်၌ကမူ ခေါင်းဆောင်ကောင်းပီသ တည်ကြည်စွာဖြင့် ကရင့်တော်လှန်ရေးကို ဦးဆောင်ဦးရွက် ပြုခဲ့သည်။
စင်စစ်စောဘဦးကြီးသည် လူမိုက်၊ လူရမ်းကားတစ်ဦးမဟုတ်ခဲ့ပါ၊ လန်ဒန်မှ ဟိုစဉ်က ဥပဒေဘွဲ့ ရရှိခဲ့သောပညာတတ်တစ်ဦးဖြစ်နေသော်လည်း မာန်မာနထောင်လွှားခြင်းမရှိ၊ မိမိ၏ကရင်အမျိုးသား များအတွက် ရိုကျိုးသိမ်မွေ့စွာ အမှုထမ်းခဲ့သူတစ်ဦးဖြစ်ပါသည်။ စစ်ကိုမလိုလားဘဲ ငြိမ်းချမ်းရေးကို အထူးပင်ရရှိလိုသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးနီးပါးကို ကရင်တပ်များ သိမ်းပိုက် နိုင်ချိန်၌ ဦးနု၏ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ယုံယုံကြည်ကြည် လက်ခံအ ကောင်ထည်ဖော်ချိန်တွင် ဦးနုနှင့်ဗိုလ်ချုပ်နေဝင်းတို့က ၎င်းတို့၏ကတိကဝတ်ကို ဖောက်ဖျက်ကာ အိနိ္ဒယ အစိုးရထံမှ လက်နက်ခဲယမ်းမီးကျောက်များ၊ သံချပ်ကာ ကားကြီးများ အကူအညီရယူ စုဆောင်းခဲ့ပါသည်။ ၎င်းနောက်ကရင်တပ်များကို ပြန်လည်တိုက်ခိုက်ရာ KNU တို့သည် ၎င်းတို့၏ဌာနချုပ် အင်းစိန်မှ တောင်ငူသို့လည်းကောင်း၊ ထိုမှတစ်ဆင့် ဖာပွန်သို့လည်းကောင်း အဆင့်ဆင့် ပြောင်း၍ ခုခံခဲ့ရသည့် အဖြေသည် စောဘဦးကြီး၏ ရိုးသားဖြူစင်ကတိတည်မှုကြောင့်ပင်ဖြစ်သည်။ ကော့က ရိတ်မြို့နယ် နဘူး-ထော့ကော်ကိုးရွာသို့ စည်းရုံးရေးသွားရောက်ရာ၌လည်း မိမိ၏လုံခြုံရေးကို ဂရုမပြုဘဲ မိမိ၏ကရင်သွေးချင်းများ “မိမိကိုကာကွယ်မှာဘဲလေ” ဟူသည့် ရိုးသားသောခံယူချက်ဖြင့် ခရီးထွက်ခဲ့ပြီး လုံလောက်သောလုံခြုံရေးအစောင့်အရှောက်မယူခဲ့ပါ။ သို့ရာတွင် KNDO တပ်မှ စောမောင်အဲ၏ သစ္စာဖောက်သတင်းပေးမှုကြောင့် ချုံခိုတိုက်ခိုက်ခံရကာ အသက်ပေးခဲ့ရသည့် သမိုင်း ဖြစ်ရပ်မှာလည် လွန်စွာကြေကွဲစရာကောင်းလှပါသည်။ ရိုးသားဖြူစင်မှုကြောင့် ပြန်လည်ပေးဆပ် ရသည့် အသီးအပွင့်မှာ တန်ဖိုးကြီးလှပါချေတကား…။ မိမိ၏ဖခင် လယ်ပိုင်ရှင်ကြီး စောသာမြတ်ကြီးက လယ်သူရင်းငှားများထံမှ ခေါင်းပုံဖြတ် အမြတ်ကြီးစားမှုများကို မနှစ်မြို့သဖြင့် ဖခင်နှင့်အကြီးအကျယ် စကားများခဲ့ခြင်းသည်လည်း သနားညှာတာတတ်သည့် ပင်ကိုယ်စိတ်ကြောင့်ပင်ဖြစ်သည်။ ကရင်လူငယ်များ မအူပင်ဘဏ်မှ ငွေများကို တိုက်ခိုက်လုယူသောအခါ မိမိပိုင်လယ်ဧက(၁၀ဝ၀)ကို ရောင်းချပြီး ပြန်လည်ပေးလျှော်မည်ဟူသည့် မိမိ၏သွေးချင်းများအပေါ် စစ်မှန်သော စေတနာထားမှုကိုလည်း မလေးစား၍မရပါ။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ပါဝင် ဆင်နွှဲခဲ့ခြင်း၊ ကရင်ဗမာချစ်ကြည်ရေးအတွက် ကြိုးစားအားထုတ်ခဲ့ခြင်း၊ ကရင်ပြည်ရရှိရေး၊ ကရင်တိုင်း ရင်းသား (၄၅၄၁၀ဝ)ကို စည်းရုံးလျှက် စည်းကမ်းသေဝပ်စွာ အသံတိတ် ဆန္ဒပြနိုင်ရေး စီမံနိုင်ခဲ့ခြင်း၊ ကရင်အမျိုးသားများ၏ အခွင့်အရေးအတွက် အသက်သေသည်အထိ တိုက်ပွဲဝင်ခဲ့ခြင်း၊ နားလည် ခွင့်လွှတ်သီးခံစိတ်ရှိခြင်း စသည်တို့သည် အာဇာနည်တို့၏ဂုဏ်ပုဒ်၊ ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံ ကုံလုံပေမင့်လည်း မြန်မာအုပ်စိုးသူအဆင့်ဆင့်က သူ့အား အာဇာနည်အဖြစ် အသိအမှတ်မပြုခဲ့ပေ။သို့ရာတွင် ကရင်တိုင်းရင်းသားများကမူ စောဘဦးကြီးကို ကရင်အာဇာနည်အဖြစ် အသိအမှတ်ပြု ကမ္ပည်းမော်ကွန်းတင်ခဲ့ကြပါသည်။
(၃)
ကရင်အာဇာနည်နေ့ကိုအဓိပ္ပာယ်ဖွင့်ဆိုရာ၌ စဉ်စားဆင်ခြင်ရန်လိုအပ်ပါသည်။ မိမိတို့ ကရင်များသည် မည်သူ့ကို ကရင်အာဇာနည်အဖြစ် အသိအမှတ်ပြုကြမည်နည်း…။ ကရင်အဖွဲ့ အစည်းပေါင်းစုံက ညှိနှိုင်းသတ်မှတ်ကြရန် လိုအပ်မည်ဖြစ်ပါသည်။ ကရင်ခေါင်းဆောင်အချို့က ကရင့်ကြမ္မာ ကရင်သာဖန်တီးပြီး ကျဆုံးသွားကြသော စောဘဦးကြီး၊ မန်းဘဇံ ၊ စောဘိုမြ၊ စောဘသင်စိန် မန်းရှာလားဖန်းတို့ကို ကရင်အာဇာနည်များအဖြစ် အသိအမှတ်ပြုလျှက် အဂင်္လိပ်ဘာသာဖြင့် အောက်ပါ အတိုင်းမော်ကွန်းတင်ခဲ့ကြသည်။
” Honouring to the martyrs who decided Karen’s own political destiny” ကရင့်နိုင်ငံရေးကြမ္မာ ကရင်သာဖန်တီးသည့် အာဇာနည်များကို ဂုဏ်ပြု (အလေးပြု) ကြပါစို့ …ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုရမည် ထင်ပါသည်။
အချို့သောသူများကလည်း ၁၉၅ဝခု ဩဂုတ်လ(၁၂)ရက်နေ့တွင် စောဘဦးကြီးနှင့်အတူ လက်နက်မချတန်းသေသည်အထိ ခုခံတိုက်ခိုက်ခဲ့ကြသည့် ဗိုလ်ချုပ်စောစိုင်းခေအပါအဝင် (၉)ဦးကို ကရင်အာဇာနည်များအဖြစ် အသိအမှတ်ပြုရန် ဆွေးနွေးတင်ပြကြသည်။ အချို့ကရင်ခေါင်းဆောင် များကမူ ရန်သူ့လက်ချက်ကြောင့် ကျဆုံးသွားကြသည်ဖြစ်စေ၊ ရောဂါဘယနှင့်အခြားအကြောင်းတစ်ခု ခုကြောင့် ကွယ်လွန်သွားကြသည်ဖြစ်စေ ကရင်အမျိုးသားအရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ ကြပါက ကရင်အာဇာနည်များအဖြစ် အသိအမှတ်ပြုစေလိုကြပါသည်။
စောဘဦးကြီးကျဆုံးခဲ့သည့်နေ့ကို အစွဲပြု၍ ကရင်အာဇာနည်နေ့သတ်မှတ်ခြင်းကို ကရင် အားလုံးက လက်ခံကြပြီးဖြစ်သော်လည်း မည်သူ့ကို ကရင်အာဇာနည်များဟူ၍ မည်သည့်အကြောင်း ပြချက်ဖြင့် မှတ်ကျောက်တင်ရမည်ကို ယနေ့ရှိနေသော ကရင်ခေါင်းဆောင်များအပေါ် တာဝန်ရှိလာ ပါသည်။ ၎င်းကိစ္စသည် ကရင်တို့အတွက် သမိုင်းပေးတာဝန်ပင်ဖြစ်ပါသည်။
(၄)
ကရင့်သမိုင်းကို ထပ်ဆင့်ဋီကာချဲ့မည်ဆိုပါက ကရင်များအဘယ့်ကြောင့် တော်လှန်ရေး ဆင်နွှဲ ခဲ့ကြသနည်း..၊ ရိုးရိုးဖြေရလျှင် “လိုချင်တာမရလို့” ဟု ပြောနိုင်ပါသည်။ သီးခြားကရင်ပြည်ရရှိရေး အတွက် (၂၈-၂-၁၉၄၇)ရက်နေ့တွင် KNU က ဒေါက်တာဘမော်အစိုးရထံ တောင်းဆိုချက်(၆)ချက်ကို တင်ပြရာ သန်းခေါင်းစာရင်းကောက်ယူရေးနှင့်သီးခြားကရင်တပ်များ ထားရှိရေးဟူသည့် အချက်(၂)ချက်သာ လိုက်လျောခဲ့ခြင်း၊ စောဘဦးကြီးသည် သီးခြားကရင်ပြည်ရရှိရေးအတွက် ကရင်ခေါင်းဆောင် အချို့နှင့်အတူ လန်ဒန်သို့ သွားရောက်အရေးဆိုခဲ့သေးသော်လည်း ထူးခြားမှုမရှိခြင်း၊ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် ကရင်လွှတ်တော်အမတ်များ နည်းပါးနေခြင်း၊ လွတ်လပ်ရေးအတွက် လန်ဒန်သို့ ဗိုလ်ချုပ်အောင်ဆန်း သွားရောက်အရေးဆိုရာ၌ ကရင်ကိုယ်စားလှယ်တစ်ဦးမှ မပါရှိခြင်း၊ လန်ဒန်တွင် သီးခြားကရင်ပြည်ပေးအပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းတို့က တစ်ခွန်းတပါဒမျှ ဖွင့်မပြောခဲ့ခြင်း စသည်တို့သည် ကရင်လူမျိုးများအတွက် KNU ၏ အထွေထွေမကြေနပ်ချက်များ ဖြစ်သည်။ဤသည်တို့မှာ ကရင်တော်လှန်ရေး ပေါ်ပေါက်ရန် အစပျိုး သန္ဓေတည်လာစေခြင်းပင်ဖြစ်ပါသည်။
၁၉၄၈ခု ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ကရင်ပြည်ပေးရန် စောဘဦးကြီးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည် KNU ကရင်အမျိုးသားအစည်းအရုံးက ဖဆပလအစိုးရထံ တရားဝင်တင်ပြ တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်ကို တစ်လပြည့်မြောက်သည့် ၁၉၄၈ခု မတ်လ(၃)ရက်တွင် အကြောင်းပြန်ကြားရန် ချိန်းဆိုခဲ့သည်။ ထို့ပြင် တောင်းဆိုချက်များ ပိုမိုလေးနက်စေရန်အတွက် KNU သည် တစ်ပြည်လုံးရှိ ကရင်လူထုကို စည်းရုံးဆော်ဩပြီး ၁၉၄၈ခု၊ ဖေဖော်ဝါရီ(၁၁)ရက်နေ့တွင် ကြီးမားကျယ်ပြန့်သော ကရင်လူထုဆန္ဒပြပွဲတစ်ရပ် ကျင်းပလျှက် အောက်ပါေြွကးကြော်သံ(၄)ရပ်ကို ပိုစတာဖြင့်ကိုင်ဆောင်ပြီး အသံတိတ်စည်းကမ်းရှိစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါသည်။
၁- ကရင်ပြည်ချက်ခြင်းပေး၊
၂- ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ် ချက်ခြင်းပြ၊
၃- လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊
၄- ပြည်တွင်းစစ် အလိုမရှိ၊
ဤေြွကးကြော်သံများသည် နိုင်ငံရေးအရ လွတ်လပ်ခြင်း၊ တန်းတူခြင်း၊ ညီမျှခြင်း၊ ငြိမ်းချမ်းခြင်း ဒီမိုကရေစီပေါ်ထွန်းရေးကို ဖော်ဆောင်ခြင်း စသည့်အဓိပ္ပာယ်များ သက်ရောက်စေပါသည်။ ကရင် လူထု (၄၅၄၁၀ဝ)ဦး တက်ရောက်ဆန္ဒပြခဲ့သော ဤပွဲသည် နိုင်ငံ့သမိုင်းတွင် အသံတိတ်စနစ်ဖြင့် စည်းကမ်းသေဝပ်မှုအရှိဆုံး ဆန္ဒပြပွဲတစ်ရပ်ဖြစ်ခဲ့ပြီး ထိုဖေဖော်ဝါရီလ(၁၁)ရက်နေ့ကိုလည်း “ကရင် အမျိုးသားနေ့” အဖြစ် ယနေ့ထိတိုင် သတ်မှတ်မော်ကွန်းတင်ခဲ့ပါသည်။
ကရင်တိုင်းရင်းသားများ ထိုသို့ တောင်းဆိုဆန္ဒပြခဲ့ကြသော်လည်း ဘာမျှအရာမရောက်သည့် အပြင် ကရင်များသည် လူဆိုး၊ သူခိုး၊ ဓားပြများဖြစ်ကြောင်း၊ တိုင်းပြည်ဆူပူအောင် လုပ်ဆောင်သည့် နယ်ချဲ့လက်ပါးစေ သောင်းကျန်းသူများသာဖြစ်ကြောင်း ဗမာသတင်းစာများက အမျိုးမျိုးပုတ်ခတ် ရေးသားလာကြသည်။ ချုပ်ပြီးတင်ပြရလျှင် (၂၇-၁-၁၉၄၉)ရက်နေ့တွင် စမ်းချောင်းရှိ KNU ဗဟိုရုံး ကိုလည်းကောင်း၊ (၃၁-၁-၁၉၄၉)ရက်နေ့ နံနက်စောစောပိုင်းတွင် အင်းစိန်ရှိ KNDO ဗဟိုစခန်းနှင့် သမိုင်းရှိ KNDO စခန်းများကိုလည်းကောင်၊ လူနေရပ်ကွက်များကိုလည်ကောင်း၊ ဖဆပလတပ်များက တစ်ပြိုင်တည်း ဝိုင်းဝန်းတိုက်ခိုက်သည့်အပြင် KNU ကရင်အမျိုးသားအစည်းအရုံးနှင့် KNDO ကရင်
အမျိုးသားကာကွယ်ရေးတပ်မတော်တို့ကို မတရားအသင်းများအဖြစ် ဦးနုအစိုးရက ကြေညာလိုက် သောအခါ KNU ခေါင်းဆောင်များသည် တစ်ပြည်လုံးရှိ ကရင်များထံသို့ မိမိကိုယ်ကို ကာကွယ်ရန် အတွက် ရရာလက်နက်၊ ရှိသည့်အင်အားတို့ဖြင့် ဖဆပလအစိုးရကို ခုခံတိုက်ခိုက်ရန် (၃၁-၁-၁၉၄၉) ရက်နေ့တွင် မလွှဲမရှာင်သာ ညွန်းကြားချက်ထုတ်ပြန်ခဲ့ရပါသည်။ ထိုနေ့သည် “ကရင်အမျိုးသားတော် လှန်ရေးနေ့” ဟူ၍ သမိုင်းတွင် ကျန်ရစ်ခဲ့သည်။ ကရင်များ မိမိလိုချင်တာမရလို့ တော်လှန်ရေးဆင်နွှဲခဲ့ရသည် ဆိုခြင်းထက် အထက်ဖော်ပြခဲ့သော လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တန်းတူခြင်း၊ ငြိမ်းချမ်းခြင်း၊ ဒီမိုကရေစီ အခွင့်အရေးများ မရရှိခြင်းစသည့် လေးနက်သောအကြောင်းအရာများအပေါ် အခြေခံ၍ ခုခံစစ်ဆင်နွှဲ ခဲ့ရခြင်းဖြစ်ပြီး မိမိလိုချင်သည့်အခွင့်အရေးအတွက် ခုခံတော်လှန်ခြင်းသာဖြစ်ကြောင်း ဆိုပါက ပို၍ မှန်ကန်ပါလိမ့်မည်။
(၅)
လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တန်းတူခြင်းဟူသည့် လောကပါလ တရားများကိုအခြေခံ၍ ကရင် လူမျိုးများသည် ဒီမိုကရေစီ၏အသီးအပွင့်များကို ခံစား စံစား လိုခဲ့ကြပါသည်။ A-D (၆)ရာစုလောက်တွင် မြန်မာ့သမိုင်း၌ မြန်မာဘုရင်မင်းအဘိရာဇာ စတင်နန်းစံခဲ့သည်ဟု သင်ကြားလေ့လာခဲ့ရဖူးပါသည်။ A-D (၁၈၂၄)ခုတွင် အဂင်္လိပ်-မြန်မာ ပထမစစ်၊ A-D (၁၈၅၂)ခုတွင် အဂင်္လိပ်-မြန်မာ ဒုတိယစစ် ဖြစ်ပွားခဲ့ပါသည်။ ကရင့်သမိုင်းအစ ပဏာမကိုမူ A-D (၁၈၈၁)ခုလောက်တွင်မှ စတင်သိရှိလာရ သည်ဟုဆိုရပါမည်။ မြန်မာနိုင်ငံတွင်းသို့ ကရင်များ ဒုတိယအကြိမ်ရောက်ရှိလာသည့် B-C (၇၃၉)ခုနှင့် တကောင်းဘုရင်အဘိရာဇာ စတင်အုပ်စိုးသည့် A-D (၆)ရာစုကို ပေါင်းလျှင် နှစ်ပေါင်း(၁၇၃၉)ခုနှစ် ကြာရှည်သောကာလအတွက် ကရင့်သမိုင်းမည်သို့ရှိသနည်း…။ မိမိတို့ မသိရပါ။ ထို့ပြင် B-C (၇၃၉)မှ အဂင်္လိပ်- မြန်မာ ဒုတိယစစ်ဖြစ်သည့် A-D (၁၈၅၂)အထိ နှစ်ပေါင်း(၂၅၉၁)ခုနှစ် ရှည်ကြာ ကာလတွင်လည်း မိမိတို့ကရင်လူမျိုးများ၏အခြေအနေကို သမိုင်းမတင်နိုင်ခဲ့သေးပါ။ မြန်မာဘုရင်၏ လက်အောက်ခံ ကရင်စော်ကဲများ၊ စကော်များလောက်သာရှိသည်ဟု ပြောဆိုသံကြားရပါသည်။ဒုတိယအဂင်္လိပ်-မြန်မာစစ်ပြီး၍ အောက်မြန်မာနိုင်ငံတစ်ခုလုံး အဂင်္လိပ်လက်အောက်ရောက်ခါမှ ကရင်များ၏ အကြောင်းတစေ့တစ်စောင်းသိရှိလာရပါသည်။ A-D (၁၈၆၀)ခုနှစ် ဒေါက်တာတီသံပြာ တို့အုပ်စု အမေရိကန်ပြည်ထောင်စုသို့ ပညာတော်သင်သွားရောက်ခဲ့သည်မှအစ ကရင်တို့၏လူမှုရေး၊ နိုင်ငံရေး ရုန်းကန်လှုပ်ရှားမှုများကို သိရှိလာခဲ့ရပါသည်။
၁၈၈၅ခု ဒီဇင်ဘာလ(၃၁)ရက်တွင် အဂင်္လိပ်တို့က မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အမျိုးသားရေး ရုန်းကန်လှုပ်ရှားမှုအများအပြား ပေါ်ပေါက်ခဲ့သလို ကရင်တို့သည်လည်း အမျိုးသားရေးနှင့်တန်းတူညီမျှ အခွင့်အရေးရရှိဖို့ အထူးကြိုးပမ်းအား ထုတ်ခဲ့ သည်။ အထူးသဖြင့် မြန်မာ့လွတ်လပ်ရေးရခါနီးတွင် သီးခြားကရင်ပြည်ရရှိရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးကို စောဘဦးကြီး ဦးဆောင်သည့် KNU အဖွဲ့အစည်းကြီးက အပတ်တကုတ် ကြိုးပမ်းအားထုတ်ခဲ့သည်။ တိုင်းရင်းသား မျိုးနွယ်စုကြီးများဖြစ်သော ရခိုင်၊ မွန်၊ ကရင်တို့သည် မြန်မာပြည်မ(Burma Proper) တွင် ပါရှိသဖြင့် ပင်လုံစာချုပ်ချုပ်ဆိုပွဲသို့ ပါဝင်တက်ရောက်ဆွေးနွေး လက်မှတ်ထိုးခွင့်မရပဲ ဗမာပြည်မ ကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ချင်း၊ရှမ်းကိုယ်စားလှယ်များသာ လက်မှတ်ထိုးခဲ့ခြင်းသည်လည်း ကောင်း၊ ကရင်ကိုယ်စားလှယ်များဖြစ်သည့် စောစိုင်းခေ၊ စောချစ်တီး၊ဦးလှဖေ၊စောဝီရီကျော် တို့လည်း ပင်လုံသို့ အရောက်နောက်ကျသဖြင့် ဆွေးနွေးခွင့်မရခဲ့ခြင်းသည်လည်းကောင်း-စသည်တို့ကြောင့် KNU သည် အောင်ဆန်း-အက်တလီစာချုပ်နှင့်နောက်ပိုင်းလွတ်လပ်ရေးအမှန်ရရန်အတွက် ချုပ်ဆို ခဲ့သေ နု-အက်တလီစာချုပ်များကို လက်မခံခဲ့ပေ။ ဆိုလိုသည်မှာ ပြည်ထောင်စုကိုဖော်ဆောင်ခဲ့သော ပင်လုံစာချုပ်နှင့်ပတ်သက်၍ ကရင်များနှစ်သက်လက်ခံခြင်းမရှိကြောင်း ပေါ်လွင်နေပါသည်။ ကရင် တို့၏ အဓိကရည်မှန်းချက်မှာ သီးခြားလွတ်လပ်သော ကရင်ပြည် ထူထောင်နိုင်ရေးမှသည် ရှေ့ပိုင်း၌ တင်ပြခဲ့သည့် လွတ်လပ်ညီမျှ တန်းတူအခွင့်အရေးများ၊ ကိုယ့်ကြံမ္မာ ကိုယ်သာဖန်တီးနိုင်ခွင့် ရရှိရေးများ သာဖြစ်ကြောင်း စောဘဦးကြီးကိုယ်တိုင် ၁၉၅ဝခုနှစ်တွင် ကမ္ဘာသိ ထုတ်ပြန်ကြေညာခဲ့သော အောက်ပါမူလေးချက်ကို ကြည့်ခြင်းအားဖြင့် နားလည်သဘော ပေါက်ကြ မည်ဖြစ်ပါသည်။
၁။ လက်နက်ချ အညံ့ခံ အရှုံးပေးခြင်းကို ကျွန်ုပ်တို့ အလျဉ်းမလုပ်ပါ
(For us Surrender is out of question)
၂။ ကရင်ပြည်အသိအမှတ်ပြုရေး ပြီးပြည့်စုံစေရမည်
(The recognition of Karen State must be complete)
၃။ ကျွန်ုပ်တို့လက်နက် ကျွန်ုပ်တို့လက်ထဲတွင်ရှိရမည်
(We shall retain our arms)
၄။ ကျွန်န်ုပ်တို့၏ နိုင်ငံရေးကြံမ္မာ ကျွန်ုပ်တို့ဘာသာ ဖန်တီးမည်
(We shall decide our own political destiny)
အထက်ပါအချက်များသည် စောဘဦးကြီးနှင့်တကွ ကရင်တိုင်းရင်းသားအားလုံး ခံယူထား ကြသည့် အဓိကခံယူချက်များဖြစ်ကြောင်း သံသယရှိစရာမလိုပေ။
ကရင်များလိုလာတောင်းတ မျှော်မှန်းခဲ့သည့် အရေးအရာများရရှိနိုင်ရေးအတွက် အာဇာနည် စောဘဦးကြီးက ကရင်တို့အား ရှေ့ဆောင်လမ်းပြ နည်းပေးလမ်းညွှန်ခဲ့ပြီးဖြစ်ပါသည်။ စင်စစ် ဩဂုတ်လ (၁၂)ရက်နေ့ကို ကရင်အမျိုးသားအာဇာနည်နေ့ဟုသတ်မှတ်လျှက် စောဘဦးကြီးကို ရည်ညွှန်းသည် သက်သက်မဟုတ်ဘဲ ကရင့်လက်နက်ကိုင်တော်လှန်ရေးတွင် ဂုဏ်ပြောင်စွာ အသက်ပေးလှူခဲ့ကြသူ အားလုံးကို ရည်ညွှန်းဂုဏ်ပြုသည့်နေ့ဟူ၍ ကရင်လူကြီးတစ်ဦးက ကောက်ချက်ချခဲ့ပါသည်။
(၆)
ကရင့်တော်လှန်ရေးနှင့် စပ်နွယ်သော စောဘဦးကြီး၏ မှတ်သားဖွယ်စကားအချို့ကို ပြန်ပြောင်း ဖော်ပြလိုပါသည်။
၁ – ခွဲမထွက်ရေး၊ ကရင်ပြည်သတ်မှတ်ပေးရေးနှင့်ပတ်သက်၍ ၁၉၄၇ခုနှစ်တွင် စောဘဦးကြီးက ဗိုလ်ချုပ်အောင်ဆန်းအား ပြောကြားသည့်စကားမှာ “ကရင်လူမျိုးများ ပြည်ထောင်စုမှခွဲမထွက်ချင် အောင်ဆောင်ရွက်ရမည့် တာဝန်မှာ ဗမာလူမျိုးများထဲတွင်သာရှိသည်။ ထိုနည်းတူ ဗမာများက ကရင်ပြည် ပေးချင်အောင်ဆောင်ရွက်ရမည့်တာဝန်မှာ ကရင်လူမျိုးများထဲတွင်သာရှိသည်”
၂ – ၁၉၄၈ခု မတ်လ(၁၀)ရက်နေ့တွင် ကရင်ပြည်ပေးအပ်ရေးနှင့်ပတ်သက်၍ ဝန်ကြီး ချုပ်ဦးနုနှင့် စောဘဦးကြီးတို့အပြန်အလှန်ပြောကြားသည့် စကားများမှာ
ဦးနု…”ကျုပ်တို့ ဖဆပလအစိုးရဟာ လွှတ်တော်ဥပဒေအတိုင်း စီမံဆောင်ရွက်ရတာ ဖြစ်တယ်၊ ဒါကြောင့်ကရင်ပြည်ပေးလို့မရဘူး၊ ခင်ဗျားတို့တောင်းတဲ့ ကရင်ပြည်မပေးတဲ့အတွက် နောက်ဆုံးမှာတော့ ကျုပ်တို့ တိုက်ခိုက်ကြဖို့ဘဲရှိတော့တယ်။ တိုက်ပွဲဖြစ်လို့ ကရင်က ဗမာရဲ့လည်ပင်းကို ခုတ်ရင် ဗမာက သိုးကလေးလို လည်စင်းပေးမှာတော့မဟုတ်ဘူး၊ နှစ်ချက်ပြန်မခုတ်အားရင်တောင်မှ တစ်ချက်တော့ ကျိန်းသေပြန်ခုတ်မှာဘဲ၊ ဒါကြောင့်မို့ ဥသျှစ်သီး(၂)လုံးကို အချင်းချင်းထုရင် ထုတဲ့အသီး ရောအထု ခံတဲ့အသီးရော (၂)လုံးစလုံးကွဲပြီး နှစ်(၅၀)အတွင်း ကရင်နဲ့ဗမာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ချင်ကြတော့မှာမဟုတ်ဘူး”
စောဘဦးကြီး .. “အဲဒီလိုမျိုးမဖြစ်နိုင်ပါဘူး၊ ကျုပ်တို့ရဲ့တောင်းဆိုချက်(၄)ချက်ကို ပွင့်လင်းမြင်သာစွာ ဖော်ပြထားပါတယ်၊ ကျုပ်တို့ဟာ ကရင်တစ်မျိုးသားလုံးရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ အတွက် ကရင်လူမျိုးတွေရဲ့ လိုလားချက်ကို ဖော်ပြရတာဘဲဖြစ်တယ်၊ ကျုပ်တို့မှာ တောင်းဆိုရမဲ့ တာဝန်ရှိတယ်၊ ပေးတာမပေးတာကတော့ ခင်ဗျားတို့ရဲ့ လက်ထဲမှာဘဲရှိတယ်”
၃ – မအူပင်ဘဏ်ကို ကရင်လူငယ်(၁၉)ဦးက ဖောက်ထွင်းခဲ့မှုနှင့်ပတ်သက်၍ (၁၄-၃-၁၉၄၈) တွင် စောဘဦးကြီးပြောခဲ့သည့်စကား.. “မအူပင်ဘဏ်တိုက်ကိုသွားပြီး ဖောက်ထွင်းလုယူခဲ့တဲ့ လူ(၁၉)ယောက်ဟာ ကရင်လူမျိုးတွေဖြစ်တယ်၊ KNU အဖွဲ့ဝင်တွေတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ကရင်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ဒီငွေတွေကို တာဝန်ယူပြီး ပြန်ဆပ် ပေးပါမယ်၊ ကျုပ်မှာ ငွေတော့မရှိပါဘူး၊ လယ်ဧက(၁၀ဝ၀)ရှိပါတယ်၊ အဲဒါကို ဗမာနိုင်ငံအစိုးရလက်ထဲ အပ်ပါ့မယ်”
၄ – KNU ၏ (၅)ကြိမ်မြောက် ကွန်ကရက် (၁၇-၇-၁၉၅၀)တွင် စောဘဦးကြီးပြောခဲ့သည့် စကား…
(က) ကျွန်ုပ်တို့၏တော်လှန်ရေးသည် ပထမဆုံးအကြိမ်ဖြစ်သလို နောက်ဆုံးအကြိမ် လည်းဖြစ်ရမည်၊
(ခ) မိမိတို့အားလုံး ရန်ကုန်ဆင်းပြီး လည်စင်းမပေးသရွေ့ ကရင့်တော်လှန်ရေးသည်
ရှုံးနိမ့်စရာအကြောင်းလုံးဝမရှိ၊
(ဂ) ကရင်ပြည်ရရှိနိုင်ရေး နည်းလမ်း(၃)သွယ်မှာ အောက်ပါတို့ဖြစ်ပါသည်။
– ရန်သူက ပေးချင်သည့်ဆန္ဒကြောင့် ရရှိခြင်း၊
– ရန်သူကို အနိုင်တိုက်၍ရရှိခြင်း၊
– နိုင်ငံရေးအခြေအနေ အရပ်ရပ်၏ ဖိအားတွန်းအားပေးမှုကြောင့်ရရှိခြင်း၊
(ဃ) ကျွန်ုပ်တို့၏တော်လှန်ရေးတွင် လူထုသည်အဓိက ရင်းမြစ်ဖြစ်ပြီး လူထု၏ ချစ်ခင်လေးစား တန်ဖိုးထား ကူညီပံ့ပိုးမှုရယူရန်လိုအပ်သည်။
(င) ကျွန်ုတို့၏ အာနည်းချက်များကို ရှာဖွေဖော်ထုတ်ပြီး ကောင်းမွန်အောင် ပြုပြင်ရ မည်။
စောဘဦးကြီး၏ အထက်ပါအဖိုးအနဂ္ဃထိုက်လှသည့် စကားများကို အလေးထားလျှက် ကရင်အမျိုးသားများ၏ ဘဝနှင့်ချိတ်ဆက် ဒွန်တွဲထားပေးသင့်ပါသည်။ ယနေ့ KNUu NCA သဘောတူညီချက် လက်မှတ်ရေးထိုးပြီးသော်လည်း ကရင်များရယူလိုသည့် ပန်းတိုင် မရောက်ရှိသေး သဖြင့် ကရင့်တော်လှန်ရေး မပြီးဆုံးသေးကြောင်း အားလုံးသတိမူအပ်ပေသည်။
ကရင်အာဇာနည်နေ့အခမ်းအနားကို စောဘဦးကြီး ကျဆုံးပြီးနောက် (၁)နှစ် (၁၉၅၁)မှစ၍ ယနေ့အထိ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ရာဒေသများတွင် ကျင်းပမြဲဖြစ်သည်။ ပြည်တွင်းတွင် ရန်ကုန်၊ ဧရာဝတီနှင့် ကရင်ပြည်နယ်တို့၌ KNU ကရင်အမျိုးသားအစည်းအရုံး NCA လက်မှတ်ရေးထိုးပြီးသော (၂၀၁၅)တွင်မှ ကျင်းပလာနိုင်ခဲ့ကြပါသည်။ သို့ရာတွင် အချို့ နေရာများ၌ ပွင့်လင်းမြင်သာစွာ မကျင်းပနိုင်ကြောင်းနှင့် ဟန့်တားနှောက်ယှက်မှုအချို့လည်း ရှိနေ ကြောင်းကြားသိရပါသည်။ ကရင်အာဇာနည်များကို အောက်မေ့သတိရသောအားဖြင့် ကရင်အာဇာနည် ကျောက်တိုင်ကို စောဘဦးကြီးမွေးဖွားရာ ပုသိမ်မြို့၊ ဘဲဂယက်ရွာ၌ KNU မှ တာဝန်ရှိသူတစ်ဦးက ဦးဆောင်စိုက်ထူပေးခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ယခုအချိန်၌ စောဘဦးကြီး၏ အောက်မေ့ဖွယ် ခန်းမဆောင်(၁)ခုကို အထိမ်းအမှတ်ကျောက်တိုင်အနီးတွင် ကရင်အဖွဲ့အစည်းများစုပေါင်း၍ စတင် ဆောက်လုပ်နေကြောင်းလဲ သိရှိရပါသည်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ထော့်ကော်ကိုးရွာတွင် စောဘဦးကြီးနှင့် စောစိုင်းခေ အပါအဝင်တို့၏ သချႋုင်းအုတ်ဂူ(၉)ခုကို KNU/KNLA-PC မှ တည်ဆောက်ခဲ့ ကြောင်းသိရှိရပါသည်။ သူတို့တတွေကျဆုံး အသက်ပေးလှူသွားခဲ့သည့် အာဇာနည်ကုန်း နေရာ၌ တည်ဆောက်ထားခြင်းဖြစ်သော်လည်း ၎င်းတို့၏ ရုပ်အလောင်း၊ အရိုးအိုးတို့ ထိုနေရာ၌မရှိပါ။ စောဘဦးကြီး၏ ရုပ်အလောင်းကို မသၤဂြိုလ်မီ မော်လမြိုင်မြို့ရှိ အဂင်္လီကန်ခရစ်ယာန်ဘုရားကျောင်း စိန့်မက်သရူးကျောင်းတော်၏ ကျောင်းထိုင်ဘုန်းတော်ကြီး (Reverend A- Movin) က ဝတ်ပြုဆုတောင်းပြီးမှ ကျိုက္ခမီရေပြင်ကျယ်သို့ ရေချသၤဂြိုလ်ခဲ့ ကြောင်းသိရှိရပါသည်။ လွန်ခဲ့သော (၃)နှစ်ခန့်ကလည်း KNU ဒူးပလာယာခရိုင်(ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ ဒေသ)၌ စောဘဦးကြီး၏ ကိုယ်အထက်ပိုင်းရုပ်တုပုံ စိုက်ထူရန် ထုလုပ်စီစဉ်ခဲ့ပြီးဖြစ်သော်လည်း တားမြစ်ခြင်းခံရသဖြင့် ယနေ့အထိ မစိုက်ထူဖြစ်ခဲ့ပါ။ ကရင်ပြည်နယ်ရှိ ဒေသအများစုနှင့် မြစ်ဝကျွန်း ပေါ်ရှိ ဒေသများတွင် အာဇာနည် စောဘဦးကြီး အထိမ်းအမှတ်တစ်ခုခုစိုက်ထူ ဆောက်လုပ်လိုကြ သော်လည်း သက်ဆိုင်ရာများက ဟန့်တားနှောက်ယှက်ခြင်းခံရမည်စိုးသဖြင့် မဆောင်ရွက်ဖြစ်ခဲ့ကြပါ။ ယုတ်စွအဆုံး ကရင်အာဇာနည်နေ့ အခမ်းအနားကျင်းပရန်ပင် တွန့်ဆုတ်နေကြပါသည်။နှိုင်းယှဉ် တင်ပြရမည်ဆိုလျှင် တစ်ပြည်လုံး၌ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်မျိုးစုံ ရှိနေကြပါသည်။ ဗိုလ်ချုပ်မြင်းစီးရုပ်တု၊ ဗိုလ်ချုပ်ရုပ်တု၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်အားကစားကွင်း၊ ဗိုလ်ချုပ်ဘောလုံးကွင်း၊ ဗိုလ်ချုပ်ကျောက်တိုင်၊ ဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ပြတိုက်၊ ဗိုလ်ချုပ်စာကြည့်တိုက်၊ ဗိုလ်ချုပ်တံတား၊ ဗိုလ်ချုပ်ငွေစက္ကူ စသည်ဖြင့် ပြောမကုန်အောင်ရှိနေပါသည်။ သို့ဖြစ်ရာတိုင်းရင်းသားတို့အား မိမိဂုဏ်ယူလေးစားရသည့် ခေါင်းဆောင် အတွက် အထိမ်းအမှတ်လေးတစ်စုံတစ်ခုကို ဖော်ထုတ် ဆောက်လုပ် ဖန်တီးစီမံခွင့်ပြုရန် မသင့်ပေ ဘူးလား….ဟူ၍ ရိုးသားစွာစောဒကတက်လို ပါသည်။ မော်လမြိုင်-ချောင်းဆုံတံတားကြီးကို ဗိုလ်ချုပ်တံတားအစား မွန်တိုင်း ရင်းသားများ လိုလား သည့်အမည်တစ်ခုခုပေးလိုက်လျှင် မည်သို့များ ထိခိုက်နစ်နာပါမည်နည်း… လွတ်လပ်ရေးရယူရာ၌ မိမိတို့ကယန်းများနှင့်ဘာမျှမဆိုင်သောကြောင့် ကယားပြည်နယ်တွင် ဗိုလ်ချုပ် ရုပ်တုတည်ထားခြင်းကို ကန့်ကွက်သူများအား အပြစ်ပေးခြင်းသည် မှန်ကန်ပါ၏လော…
၁၉၄၇ခု ကရင်တို့၏ ခုခံစစ်(သို့မဟုတ်) ကရင့်တော်လှန်ရေးအလုံးစုံအောင်မြင်ခဲ့ပါလျှင် ကရင့်သမိုင်းသည် ယခုအခြေအနေနှင့် မတူပဲတစ်မျိုးတဖုံ ဖြစ်နေမည်မှာ သေချာနေပါသည်။ ကရင် တို့၏ခုခံစစ်၊ ကရင့်တော်လှန်ရေးမအောင်မြင်ခဲ့သော်လည်း ကရင်တော်လှန်ရေးသည် နှစ်ပေါင်း(၇၀) သို့ပင်တိုင်ခဲ့ပေပြီ၊ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အပစ်အခတ်ရပ်စဲပြီးဖြစ်သော်လည်း ကရင်တို့ လိုလားသည့် နိုင်ငံရေးအခင်းအကျင်း၊ ဆန္ဒအမှန် မရရှိသေးပေ။
ကရင့်တော်လှန်ရေးကြောင့် ကရင်ပြည်နယ် ပေါ်ပေါက်လာရသည်။ ကရင့်တော်လှန်ရေးကြောင့် တိုင်းရင်းသားမျိုးနွယ်စုကြီးအဖြစ် ကရင်များအသိအမှတ်ပြုခံရသည်။ အကယ်၍ကရင့်တော်လှန်ရေးသာ မရှိခဲ့လျှင် ကရင်တို့၏ဘဝ နင်းပြားသာသာရှိနေနိုင်သည်ဟု သမိုင်း၏ဖြစ်ရပ်များအရ ချင့်ချိန်သုံးသပ် ပြောကြားနိုင်ပေသည်။
(၇)
၂၀၂ဝခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့ဆိုလျှင် ကရင်အာဇာနည်နေ့ အထိမ်းအမှတ် အကြိမ်(၇၀) ပြည့်မြောက်ခဲ့ပြီး စောဘဦးကြီးကျဆုံးခဲ့သည်မှာ (၇၁)နှစ် တင်းတင်းရှိခဲ့ပေပြီ။ သို့သော် ကရင့်တော်လှန် ရေးခရီးကြမ်းကား မပြီးဆုံးသေးပါ။ ရယူလိုသည်များ အစစ်အမှန်ရရှိနိုင်ရေးအတွက် ဆက်လက် ရုန်းကန်လှုပ်ရှားရပါဦးမည်။
ထိုသို့ ရုန်းကန်လှုပ်ရှားရာ၌ စောဘဦးကြီးအပါအဝင် ကရင်အမျိုးသားအရေးအတွက် အသက်ပေးသွားခဲ့ကြသော ကရင်ခေါင်းဆောင်များအား ဝမ်းနည်းပူဆွေး၊ ကြေကွဲ ငိုေြွကးနေမည့် အစား ၎င်းတို့ချမှတ်ခဲ့သော လမ်းစဉ်၊ မိန့်မှာ ညွှန်ပြခဲ့သော အမှာစကားများ၊ ကျင့်ကြံအားထုတ် ခဲ့သည့် စရိုက်ဓလေ့များကို လိုက်နာစောင့်ထိန်း နမူနာရယူဖော်ထုတ်အကောင်အထည်ဖော်ကြရင်း (၇၀)ကြိမ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ကို လေးစားဂုဏ်ပြုကြပါစို့လား ….ဟူ၍။
မန်းအောင်ပြည်စိုး



















