ဇူလိုင်လ ၁၉ရက်၊ ၂၀၂ဝပြည့်နှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖာပွန်ဒေသခံ ရွာသူအမျိုးသမီးတစ်ဦးကို တပ်မတော်သားနှစ်ဦးက ဇူလိုင်လ ၁၆ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် စုံစမ်းဖော်ထုတ် အရေးယူပေးရန် ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)ထံသို့ KNU-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် -KNLA တပ်မဟာ(၅) ဇူလိုင်လ ၁၈ရက် နေ့စွဲဖြင့် တိုင်ကြားစာပေးပို့လိုက်သည်။
မူတရော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပိုလိုးထာကျေးရွာရှိ အသက် (၄၀)အရွယ် နော်မုနော် ဆိုသူကို ခိုးသွီးထာ (လှဂွန်းပျို)ကျေးရွာအခြေစိုက်စခန်း အမှတ်(၈) စစ်ကွပ်ကဲရေးဌာနချုပ်(စကခ) လက်အောက်ခံ၊ ခြေမြန်တပ်ရင်း (ခမရ-၄၀၉)မှ တပ်သားနှစ်ဦးဖြစ်သော မောင်သန်းမိုးလွင်နှင့် မောင်အေးမင်းသူ တို့က နေအိမ်၌ပင် အကြောင်းမဲ့ ပစ်သတ်ခဲ့ပြီး လက်ဝတ်ရတနာများကို ချွတ်ယူသွားကြောင်း ယင်းတိုင်ကြားစာ၌ ဖော်ပြထားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလအတွင်း ယခုလို လုပ်ရပ်များသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များကို ဖောက်ဖျက်ကျူးလွန်ရာရောက်ပြီး ၎င်းဖြစ်ရပ်အပေါ် KNLA တပ်မဟာ(၅)အနေဖြင့် အပြင်းအထန် ကန့်ကွက်ကြောင်းနှင့် ဖြစ်စဉ်အပေါ် စုံစမ်းဖော်ထုတ် အရေးယူသွားရမည် ဖြစ်ကြောင်း တိုင်ကြားလိုက်ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၆ရက်နေ့ နံနက် (၆)နာရီအချိန်ခန့်တွင် အဆိုပါ တပ်သားနှစ်ဦးသည် လက်နက်အပြည့်အစုံ ဖြင့် ပိုလိုးထာကျေးရွာ ရွာသူကြီးနေအိမ်သို့ ရောက်လာပြီး နေအိမ်ရှိ ရွာသူကြီး၏ ဇနီးဖြစ်သူ နော်မုနော်အား ပစ္စည်း ငှားရမ်းတောင်းယူရာမှ ပစ်သတ်ပြီး ပစ္စည်းလုယူထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။
၎င်းက “အဲ့ဒီ စစ်သားနှစ်ဦးက အမျိုးသမီးဆီကနေ ဆန်အိတ်ခွံကို တောင်းတယ်။ တောင်းတော့ ဟိုက ပေးမလို့ လုပ်တုန်းမှာ ပစ်သတ်လိုက်ပြီးတော့ အဲ့ဒီ အမျိုးသမီးကိုယ်ပေါ်မှာရှိတဲ့ ဆွဲကြိုးတစ်ကုံးနဲ့ နားကပ်တစ်စုံကို ချွတ်ယူ သွားတာဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
နော်မုနော်သည် မျက်နှာ၊ ပါးစပ်နှင့် ရင်ဘတ်တို့တွင် သေနတ်ဖြင့် သုံးချက် အပစ်ခံလိုက်ရခြင်းဖြစ်ပြီး ကျူးလွန်သူ တပ်သားနှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားကာ ဇူလိုင်လ ၁၇ရက်နေ့က မိခင်တပ်ရင်းသို့ ပြန်ရောက်သွားပြီးနောက် ၎င်းတို့ကို ညတွင်းချင်း တပ်ရင်းကနေ ပြောင်းရွှေ့ပို့ဆောင်လိုက်သည်ဟုလည်း ၎င်းဒေသခံက ဆက်ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အရှေ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ) ပြောခွင့်ရသူ ဗိုလ်မှူးကြီးမောင်မောင်လှအား ကေအိုင်စီက ဇူလိုင်လ ၁၉ရက်နေ့ မွန်းလွဲပိုင်းတွင် ဆက်သွယ်မေးမြန်းရာ အလုပ်များနေသည့်အတွက် လတ်တ လော ပြန်လည် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ပြောဆိုသည်။
ထို့အပြင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကလည်း အဆိုပါဖြစ်စဉ်အပေါ် ယနေ့ မွန်းလွဲပိုင်းအထိ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
၎င်းဖြစ်စဉ်အပေါ် ကရင်ပြည်နယ်အခြေစိုက် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ ဒု-ဥက္ကဌ နော်ယုဇနဝါက “ဒီကိစ္စဟာ JMC မှာ လုံးဝ တာဝန်ရှိပါတယ်။ နှစ်ဖက် စာချုပ် ချုပ်ဆိုထားတဲ့ NCA လက်မှတ်ထိုးတဲ့ကာလမှာ အစိုးရစစ်တပ်က လူသတ်နေခြင်းဟာ လုံးဝ ငြိမ်းချမ်းရေးကို ချိုးဖောက်ခြင်းပါပဲ။ တိုင်းရင်းသားဒေသအတွင်း သတ်ဖြတ်မှု ဖြစ်နေတာ ဟာ ပြည်သူလူထုအပေါ် အစိုးရက ကာကွယ်ပေးမှု ပျက်ကွက်နေခြင်း ဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် ICJ ၏ မြန်မာနိုင်ငံကို လေ့လာစောင့်ကြည့်သော ၄လတစ်ကြိမ် အစီရင်ခံစာတွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများအတွက် ထည့်သွင်း အစီရင်ခံသင့်သကဲ့သို့ လက်ရှိ အာဏာရအစိုးရအနေဖြင့် မိမိနိုင်ငံသား အပေါ် အပြည့်အဝ မစောင့်ရှောက်နိုင်လျှင် R2P (Responsibility to Protect) ကို တိုင်းရင်းသားပါတီများအနေဖြင့် စုပေါင်းတောင်းဆိုသင့်ပြီဟုလည်း နော်ယုဇနဝါက ဆက်ပြောသည်။
ယင်းသို့ အရပ်သားပစ်သတ်ခံရမှု ဖြစ်စဉ်သည် NCA စာချုပ်၏ အခန်း(၃)အပိုဒ်(၉)၏ အပိုဒ်ခွဲ(ခ)နှင့်(ဃ)နှင့် နှစ်ဖက် လေးစားလိုက်နာရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်၏ Military Code of Conduct (COC) အခန်း (၂)၊ အပိုဒ်(၇)၊ အပိုဒ်ခွဲ(ထ)ပါ သဘောတူညီချက်များကို တပ်မတော်မှ ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း KNLA က ၎င်း၏တိုင်ကြားစာ၌ ထောက်ပြထားသည်။
NCA စာချုပ်ပါ အခန်း(၃)အပိုဒ်(၉)၏ အပိုဒ်ခွဲ(ခ)တွင် ပြည်သူလူထုအား လူတစ်ဦး၏ ဂုဏ်သိက္ခာကို ထိပါးစေသည့် လုပ်ရပ်၊ အကြမ်းဖက်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လူသားမဆန်စွာ ပြုမှုဆက်ဆံခြင်း၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဖျောက်ဖျက်ခြင်း မပြုရနှင့် အပိုဒ်ခွဲ(ဃ)အရ ပြည်သူလူထုထံ မှ ငွေ၊ ပစ္စည်းဥစ္စာ၊ စားနပ်ရိက္ခာ၊ လုပ်အားနှင့် ဝန်ဆောင်မှုများကို အဓမ္မတောင်းခံရယူခြင်း မပြုရဟူ၍ ပါရှိသည်။
ပစ်သတ်ခံရသူ နော်မူနော်မှာ ပိုလိုးထာကျေးရွာသူကြီး စောပုအေး၏ ဇနီးဖြစ်ပြီး သူမတွင် အသက်(၁၈)နှစ်အရွယ် သမီးကြီးနှင့် အသက် (၁၅)နှစ်နှင့် (၁၂)နှစ်အရွယ် သားနှစ်ဦးတို့ ရှိသည်ဟု ဒေသခံများထံမှ သိရသည်။