Home သတင်း ရန်ကုန်တိုင်း စာ/ယဉ်နှင့် ထွက်တိုး မိုဘိုင်းအပလီ‌ကေးရှင်းတို့ MOU ထိုး

ရန်ကုန်တိုင်း စာ/ယဉ်နှင့် ထွက်တိုး မိုဘိုင်းအပလီ‌ကေးရှင်းတို့ MOU ထိုး

2274

ဇွန် ၂၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီနှင့် စိုက်ပျိုးနည်းပညာ၊ ‌ဈေးကွက်စသည့် သတင်း အချက်အလက်များ ဖြန့်‌ဝေ‌နေသည့် ထွက်တိုး မိုဘိုင်းအပလီ‌ကေးရှင်း ထုတ်လုပ်ထားသူ Village Link ကုမ္ပဏီ တို့ ဇွန် ၂၂ ရက်‌နေ့တွင် ဗဟန်းမြို့နယ်၊ ဥယျာဉ်လမ်းရှိ တိုင်းရင်းသား‌ရေးရာ ဝန်ကြီးဌာန ရန်ကုန်ရုံး၌ အကျိုး တူ ပူး‌ပေါင်း‌ရေး နားလည်မှုစာချွန်လွှာ (MOU) ‌ရေးထိုးလိုက်သည်။

ရန်ကုန်တိုင်းအတွင်းရှိ စိုက်ပျိုး‌ရေးလုပ်ကိုင်သည့် ကရင်တိုင်းရင်းသားများအ‌နေဖြင့် နည်းပညာအသုံးပြုမှု အား နည်း‌ကြောင်း၊ ဥပမာ- ယခုနှစ်တွင် မိုးနည်းမည့် အ‌ခြေအ‌နေရှိသည့်အတွက် စိုက်ပျိုး‌ရေးနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်မှုများ လုပ်ကိုင်ရန် လိုအပ်‌နေပြီး စိုက်ပျိုး‌ရေးနည်းပညာ၊ ‌ဈေးကွက်သတင်းအချက် အလက်နှင့် သီးနှံဖျက်ပိုးကျ‌ရောက်ပါက ‌ဖြေရှင်း‌ရေးနည်းလမ်းများကို နည်းပညာအသုံးပြုလုပ်‌ဆောင်နိုင်ရန် ရည်ရွယ်ထား သည်ဟု ရန်ကုန်တိုုင်း စာ/ယဉ် ဥက္ကဋ္ဌ၊ ကရင်‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက ‌ပြောသည်။

“ MOU ထိုးဖို့က ကရင်တိုင်းရင်းသားလုပ်ငန်းရှင်အသင်း (KEEA)နဲ့ ထိုးဖို့ပဲ။ ဒါ‌ပေမဲ့ အဖွဲ့ဝင်‌တွေက မြို့နယ် အလိုက် မရှိဘူး။ အခု မြို့နယ်အလိုက် လုပ်ငန်း စရ‌တော့မယ်။ စရ‌တော့မို့လို့ စာယဉ်အဖွဲ့‌တွေနဲ့ ထိုးလိုက် မယ်။ စာယဉ်က မြို့နယ်တိုင်းမှာ ရှိပြီးသား။ KEEA က စာယဉ်အဖွဲ့‌တွေနဲ့ ‌ဘေးတိုက်ချိတ် ဆက်ထားလိုက်ရင် KEEA ပါဝင်တာ ဖြစ်သွားလိမ့်မယ်” ဟု ဝန်ကြီးက ဆက်‌ပြောသည်။

ထွက်တိုး မိုဘိုင်းအပလီ‌ကေးရှင်း အ‌နေဖြင့် ‌တောင်သူများကို ‌ဈေးကွက်နှင့် ချိတ်ဆက်‌ပေးခြင်း၊ စိုက်ပျိုး‌ရေး နည်းပညာနှင့် ချိတ်ဆက်‌ပေးခြင်း၊ အခြားလိုအပ်သည့် နည်းပညာများကို အခမဲ့ချိတ်ဆက်‌ပေးလျက်ရှိသည်။ ထို့အပြင် မြန်မာပြည်အနှံ့ ရာသီဥတု အချက်အလက်များနှင့် ‌နေ့စဉ်လယ်ယာထွက်ကုန် ‌ဈေးနှုန်း၊ စိုက်ပျိုး‌ရေး ပြဿနာများကို ‌ဖြေရှင်း‌ပေးလျက်ရှိသည်ဟု Village Link ကုမ္ပဏီ CEO Adrian Soe Myint က ‌ပြောသည်။

တိုင်း စာ/ယဉ် နှင့် နားလည်မှု စာချွန်လွှာထိုးလိုက်သည့် Village Link ကုမ္ပဏီကို မြန်မာ့ဩဘာနှင့် စိုက်ပျိုး‌ရေး လုပ်ငန်းရှင်များက စိုက်ပျိုး‌ရေးကဏ္ဍ အထွက်တိုး‌ရေးအတွက် ‌တောင်သူများကို နည်းပညာပိုင်း ပံ့ပိုးရန်ရည်ရွယ် တည်‌ထောင်ထားခြင်းဖြစ်သည်။ ကုမ္ပဏီအ‌နေဖြင့် ၂၀၁၈ ခုနှစ်တွင် ထွက်တိုး မိုဘိုင်းအပလီ‌ကေရှင်းဖြင့် ‌တောင်သူများအား စိုုက်ပျိုး‌ရေးနည်းပညာများ စတင်ဖြန့်‌ဝေ‌ကြောင်း ကုမ္ပဏီထံမှ သိရသည်။

ယခုလို MOU ထိုးပြီး‌နောက် ကနဦးအ‌နေဖြင့် ရန်ကုန်‌တောင်ပိုင်းခရိုင် ကွမ်းခြံကုန်း၊ တွံ‌တေး၊ ‌ကော့မှူးမြို့နယ် များသို့ ထွက်တိုး မိုဘိုင်းအပလီ‌ကေးရှင်းအသုံးပြုပုံများကို ဆိုင်ရာစာယဉ်လူငယ်များထံ ကွင်းဆင်း ဖြန့်‌ဝေ မည်ဖြစ်ပြီး လူငယ်များမှ တစ်ဆင့် ‌ကျေးရွာအသီးသီးရှိ ‌တောင်သူများထံ ထပ်မံဖြန့်‌ဝေမည့်လုပ်ငန်းကို စတင် လုပ်‌ဆောင်သွားမည်ဖြစ်သည်။

တိုင်းစာယဉ် အ‌နေဖြင့် ပြည်တွင်းစီးပွား‌ရေး ကုမ္ပဏီတစ်ခုနှင့် MOU ထိုးခြင်းသည် ပထမဦးဆုံး အကြိမ် ဖြစ်‌ကြောင်း စာယဉ် တာဝန်ရှိသူများက ‌ပြောသည်။