Home သတင်း မြဝတီ BCF ဇုန်ကို မဝင်ဘဲ ကားဖြင့် ခိုးထွက်သည့် ထိုင်းပြန်အမျိုးသမီးနှင့်ယာဉ်မောင်းအား ထောင် ၄ လစီချ မှတ်

မြဝတီ BCF ဇုန်ကို မဝင်ဘဲ ကားဖြင့် ခိုးထွက်သည့် ထိုင်းပြန်အမျိုးသမီးနှင့်ယာဉ်မောင်းအား ထောင် ၄ လစီချ မှတ်

2030

ဇွန်လ ၂၂ ရက်၊ ၂၀၂၀ ပြည့်နှစ်။ နေနော်

ထိုင်းနိုင်ငံရောက် နေရပ်ပြန်မြန်မာရွှေ့ပြောင်းလုပ်သားများကို ကြိုဆိုလက်ခံရေးဆောင်ရွက်ပေးနေသည့် ထိုင်း-မြန်မာအမှတ် -၂ ချစ်ကြည်ရေးတံတား မြဝတီဘက်ခြမ်း-BCF ဇုန်သို့ မဝင်ဘဲ ကားဖြင့် ခိုးထွက်ခဲ့သည့် ထိုင်း နိုင်ငံမှ ပြန်လာသူ ရွှေ့ပြောင်းလုပ်သား အမျိုးသမီး(၁)ဦးနှင့် ၎င်းအား တင်ဆောင်လာသော ယာဉ်မောင်း အမျိုး သား (၁)ဦးတို့အား ယနေ့ မြဝတီမြို့နယ် တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၄)လစီ ချမှတ်ခဲ့ကြောင်း သိရ သည်။

ယနေ့ (ဇွန်လ ၂၂ ရက်) နေ့လည်အချိန်က ထိုင်း-မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတား CARGO စစ်ဆေး ရေးဂိတ်တွင် တာဝန်ကျရဲတပ်ဖွဲက ထိုင်းနိုင်ငံဘက်ခြမ်းမှ ပြန်လည်ဝင်ရောက်လာသော မော်တော် ယာဉ်များအား စစ်ဆေးနေစဉ် မြဝတီမြို့ အမှတ် ၁ ရပ်ကွက်နေသူ ယာဉ်မောင်း အေးမင်းထွန်း ၂၇ နှစ်မောင်းနှင်လာပြီး ကော် ပစ္စည်းများ တင်ဆောင်ထားသော မော်တော်ယာဉ်အမှတ် (9M/1989)၊ CANDA အမျိုးအစား၊ (ခဲရောင်) ယာဉ်အား စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ၎င်းယာဉ်ပေါ်၌ ထိုင်းနိုင်ငံမှပြန်လာသည့် မြဝတီမြို့ အမှတ် ၃ရပ်ကွက်၊ ငှက်ပျောတော ရပ်၊ ကရင်စာပေအနောက်တွင်နေသူ ရွှေ့ပြောင်းအလုပ်သမား ဒေါ်မိုးသူဇာ ၃၅ နှစ် လိုက်ပါလာသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး သူမအား မြဝတီနယ်စပ် BCF ဇုန် ကျန်းမာရေးဌာနတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရမည်ကို ပို့ဆောင်ခြင်း မရှိဘဲ CARGO ကုန်ပစ္စည်းစစ်ဆေးရေးဂိတ်ဘက်ခြမ်းမှ ခိုးဝင်သယ် ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။

သို့ဖြစ်ပါ၍ ၎င်းတို့ ၂ ဦးအား ချစ်ကြည်ရေးတံတား တာဝန်ကျ ရဲတပ်ဖွဲ့က မြဝတီမြို့မရဲစခန်းသို့ ခေါ်ဆောင် လာခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီခရိုင်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာ နန္ဒဝင်းမှ တရားရုံးဦးတိုက် လျှောက်ထားခဲ့ရာ မြို့နယ်တရားသူကြီး ဦးဝေဇင်မန်းက လက်ခံစစ်ဆေးပြီးနောက် ယာဉ်မောင်းအေးမင်းထွန်း နှင့် ဒေါ်မိုးသူဇာတို့ (၂)ဦးအား ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၈ အရ အလုပ်နှင့် ထောင်ဒဏ် (၄)လစီ ချမှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။