Home သတင်း ညမထွက်ရအမိန့် ထုတ်ထားချိန် မြဝတီတွင် ငါးဂိမ်း‌လောင်းကစားရုံ ဖမ်းမိ

ညမထွက်ရအမိန့် ထုတ်ထားချိန် မြဝတီတွင် ငါးဂိမ်း‌လောင်းကစားရုံ ဖမ်းမိ

4575
Photo: Nay Naw

‌မေ ၆ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

မြဝတီမြို့တွင် အ‌ရေး‌ပေါ်ကာလ ညမထွက်ရအမိန့် ထုတ်ပြန်ထား‌သော်လည်း လိုက်နာမှုမရှိဘဲ ငါးဂိမ်း‌လောင်း ကစားရုံ ဖွင့်လှစ်ထားသူနှင့် လာ‌ရောက်ကစားသူများကို ‌မေ ၆ ရက်၊ နံနက် ၂ နာရီခန့်တွင် ဖမ်းဆီးလိုက်သည် ဟု မြဝတီမြို့မရဲစခန်း တာဝန်ရှိများက ‌ပြောသည်။

ကိုဗစ် ကာလ ညမထွက်ရ အမိန့်ထုတ်ပြန်ထားစဉ် အဖွဲ့စုံပါသည့် လှည့်ကင်းအဖွဲ့က မြဝတီမြို့နယ်အတွင်း ကင်းလှည့် ‌ဆောင်ရွက်‌နေစဉ် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၂)ချစ်ကြည်‌ရေးလမ်း၊ ခြံကွက်တစ်ခု အတွင်း ငါးဂိမ်း‌လောင်းကစားရုံသည် ပိတ်ထားခြင်းမရှိဘဲ ‌လောင်းကစား ပြုလုပ်‌နေသည့်အတွက် ဝင်‌ရောက် ရှာ‌ဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဝင်‌ရောက်ရှာ‌ဖွေစဉ် အစဉ်အလာအတိုင်း ငါးဂိမ်း‌လောင်းကစားရုံ မန်‌နေဂျာ၊ ကိုစိုင်း ဆိုသူသည် ထွက်‌ပြေး တိမ်း‌ရှောင်သွားပြီး ‌လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် ငါးမန်း‌လောင်းကစား ဂိမ်းစက် ၆ လုံး နှင့်အတူ ဆက်စပ်ပစ္စည်းများ၊ ‌လောင်းကစားပြုလုပ်ကြသူ ၁၁ ဦး ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

Photo: Nay Naw

ဖမ်းမိ ဖြစ်စဉ်အ‌ပေါ် ‌လောင်းကစားရုံ မန်‌နေဂျာ ကိုစိုင်းဆိုသူကို (ပ)၃၇၁/၂၀၂ဝ ‌လောင်းကစား ဥပ‌ဒေ၊ ပုဒ်မ- ၁၆(က)/၁၇(က) တို့ဖြင့် အမှုဖွင့် အ‌ရေးယူထား‌ကြောင်း မြဝတီမြို့မရဲစခန်းက သတင်းထုတ်ပြန်ထားသည်။

မြဝတီမြို့တွင် ကိုဗစ် အ‌ရေး‌ပေါ်ကာလ ည ၁ဝ နာရီမှ မနက် ၄ နာရီထိ ညမထွက်ရ အမိန့်ကို ဧပြီ ၁၈ရက်က ထုတ်ပြန်ထားပြီး‌နောက် ပြည်သူများလိုက်နာမှုရှိမရှိ သိရှိနိုင်ရန် ရဲတပ်ဖွဲ့ဝင်များနှင့် ပူး‌ပေါင်းအဖွဲ့က ညစဉ် လှည့်ကင်းများဖြင့် ‌စောင့်ကြည့် ‌ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ‌ဆောင်ရွက်ရာတွင် လိုက်နာမှု မရှိသူများကို ဧပြီ ၂ဝ ရက်‌နေ့ ညပိုင်းမှစ၍ ဖမ်းဆီးအ‌ရေးယူမှုများပြုလုပ်ခဲ့ပြီး ‌မေ ၅ ရက်‌နေ့ထိ အမိန့်မလိုက်နာသူ လူ ၃၀ဝ ဦး‌ကျော် ဖမ်းဆီးအ‌ရေးယူခဲ့‌ကြောင်း သိရသည်။