မတ်လ ၁ဝ ရက်၊ ၂၀၂ဝ ခုနှစ်။ ကေအိုင်စီ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတက်ကြွလှုပ်ရှားသူ စောသာဘိုးကို ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည် ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားခြင်းအား ချက်ချင်း ပြန်ရုပ်သိမ်းပေးရန် အရပ်ဘက်အဖွဲ့အစည်းအများအပြား က သဘောထား ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။
စောသာဘိုးကို ကရင်ပြည်နယ် ဖားအံမြို့ နယ် ဒု-အုပ်ချုပ်ရေးမှူးမှ တရားရုံးထံ တရားလိုပြုတိုုင်ကြားချက်ဖြင့် မတ်လ ၆ ရက်နေ့ ညပိုင်းက ဖားအံမြို့ရှိ မိသားစုနေအိမ်တွင် တရားရုံးဆင့်ခေါ်စာနှင့်အတူ ရဲတပ်ဖွဲ့ဝင် အင်အားဖြင့် သွားရောက်ရှာ ဖွေမှုများပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။
ယခုလို တရားစွဲဆိုခံရသည့်ကိစ္စနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်သည့် ကရင်လူ့အခွင့်အရေးအဖွဲ့ -KHRG မှ စောနန္ဒဆူးက “ စောသာဘိုးလုပ်ဆောင်ချက်ဟာ ထိခိုက်နစ်နာတဲ့ပြည်သူဘက်က ဝိုင်းဝန်းလုပ်ဆောင်တာဖြစ်တဲ့အတွက် ကျနော်တို့က သူ့အတွက်ရပ်တည်ပေးတဲ့အနေနဲ့ သဘောထားထုတ်ပြန်တာဖြစ်တယ်။ တက်ကြွလှုပ်ရှားတဲ့လူတွေကို ပုဒ်မတပ်ပြီး တရားစွဲဆိုတာ မဖြစ်သင့်ဘူး၊ ဆုတောင်းပွဲလုပ်လို့တရားစွဲတာဆိုရင် ဆုတောင်းပွဲလုပ်တာဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုကို မသက်ရောက်စေပါဘူး။ ”ဟု ကေအိုင်စီသို့ ပြောသည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)တွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက် သည့်ပြစ် မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုလည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်းတစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ဟူ၍ပြဌာန်းထားသည်။
ထိုသို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ တပ်ပြီး သက်ဆိုင်ရာအာဏာပိုင်နှင့် ရဲတပ်ဖွဲ့ဝင်အင်အားသုံးပြုကာ သွားရောက်ရှာဖွေမှု လုပ်ဆောင်ခြင်းသည် တရားနည်းလမ်းမကျသလို စောသာဘိုး၏ အခွင့်အရေးကိုလည်း မလေးစားရာရောက်သည့်အတွက် အချို့သောအဖွဲ့အစည်းများမှ ယင်းကိစ္စအပေါ်ရှုတ်ချသည့်အနေဖြင့် သဘောထားထုတ်ပြန်မှုများလည်းဖြစ်ပေါ်ခဲ့သည်။
၎င်းအပြင် စောသာဘိုးတရားစွဲဆိုခံထားရခြင်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်း သည့်အဖွဲ့ ၊ လူ့အခွင့်အရေးအဖွဲ့ အမျိုးသမီးအဖွဲ့များနှင့် အခြားအရပ်ဖက်အဖွဲ့များအပါအဝင် အဖွဲ့ပေါင်း ၃၀ဝ ကျော်မှ တစ်ဖွဲ့ချင်း သော်လည်းကောင်း အစုအဖွဲ့ဖြင့်သော်လည်းကောင်း သဘောထားများ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။
စောသာဘိုးသည် သံလွင်မြစ်ပေါ်ရှိ တည်ဆောက်မည့် ရေကာတာ စီမံကိန်းများနှင့်ပတ်သက်၍ ရပ်တန့် စေရေးအတွက် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သလို မြစ်ချောင်းအရေး၊ သဘာဝပတ်ဝန်း ကျင်အရေးအပြင် ကရင်ပြည်နယ်တွင်း ကျောက် မီးသွေးလောင်စာနှင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ် အသုံးပြုလည်ပတ်ခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူနှင့်အတူ ကန့်ကွက်မှုများ လုပ်ဆောင်ပေးသူတစ်ဦးလည်း ဖြစ်သည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ထားခြင်းခံရသည့် စောသာဘိုးအနေဖြင့် ယနေ့ (မတ်လ ၁ဝရက်) ဖားအံမြို့ တရား ရုံးတွင် အမှုကြားနာ စစ်ဆေးရန်ချိန်းဆိုထားသော်လည်း ၎င်းအနေဖြင့် တရားရုံးသို့ လာရောက်ခြင်း မရှိသေး ကြောင်းလည်း သိရသည်။



















