Home သတင်း ကရင်နှစ်သစ်ကူးအထိမ်းအမှတ် ရိုးရာဂျပ်ခုပ်ဒီဇိုင်းပြိုင်ပွဲ ဖားအံတွင် ကျင်းပမည်

ကရင်နှစ်သစ်ကူးအထိမ်းအမှတ် ရိုးရာဂျပ်ခုပ်ဒီဇိုင်းပြိုင်ပွဲ ဖားအံတွင် ကျင်းပမည်

2808
photo_ကရင်ပြည်နယ် အစိုးရအဖွဲ့သတင်း

ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်လူမျိုးတို့ဘိုးဘွား အစဉ်အဆက် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြသည့် ရိုးရာဂျပ်ခုပ်ထည် ရက်လုပ် မှုပညာရပ်အား ‌ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်‌ရေးအတွက်ရည်ရွယ်ပြီး ကရင်အမျိုးသားနှစ်သစ်ကူး ပွဲ‌တော် အထိမ်းအမှတ် ရိုးရာဂျပ်ခုပ်ဒီဇိုင်းပြိုင်ပွဲတစ်ခုကို ဖားအံမြို့တွင် ကျင်းပသွားမည်ဟု သိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦး‌ဆောင်လမ်းညွှန်မှုဖြင့် ဒီဇင်ဘာလ ၂ဝ ရက်၊ နံနက် ၁ဝ နာရီအချိန်တွင် ဖားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်သွားမည့် အဆိုပါ ရိုးရာဂျပ်ခုပ်ဒီဇိုင်းပြိုင်ပွဲမှာ ကရင်ပြည်နယ်တွင် ဒုတိယအကြိမ်‌မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီးဌာန(ကရင်ပြည်နယ်) ညွှန်ကြား‌ရေးမှူးရုံးမှညွှန်ကြား‌ရေးမှူး ‌စော‌ကျော်မင်း ထွဋ်က “ကိုယ့်အဘိုးအဘွား‌တွေရဲ့ ရိုးရာလက်မှုပညာရပ်ကို ထိန်းသိမ်းတာလည်းပါတယ်။ ‌နောက်ပြီး ကိုယ့်ရိုး ရာယဉ်‌ကျေးမှု‌တွေကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာ‌အောင်ရယ်၊ ရိုးရာဒီဇိုင်း‌တွေကို ‌ခေတ်နဲ့အညီတီထွင်ပြီး အဲဒါ ‌လေးနဲ့ပတ်သက်လို့ ‌ဈေးကွက်တစ်ခု‌လေးဖြစ်လာ‌အောင် ရည်ရွယ်တာလည်း ဖြစ်တယ်” ဟု‌ကေအိုင်စီ သို့ ‌ပြောသည်။

ရိုးရာဂျပ်ခုပ်ဒီဇိုင်းပြိုင်ပွဲတွင် အလျား ၇၂ လက်မ၊ အနံ ၁၄ လက်မရှိသည့် အမျိုးသမီးဝတ် ထဘီအဆင် တစ်မျိုး တည်းကိုသာ ယှဉ်ပြိုင်‌စေမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များအ‌နေဖြင့် မိမိတို့ ‌ရွေးချယ်ထားသည့် ဒီဇိုင်းအဆင်ဖြင့် ပြိုင်ပွဲ ဝင်သည့် ဒီဇင်ဘာလ ၂ဝ ရက်‌နေ့ ရက်သတ်မှတ်ချိန်အတွင်း အပြီးသတ် ရက်လုပ်ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

လက်ရှိရရှိထားသည့် စာရင်းများအရ ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ ပြိုင်ပွဲဝင် ၃၈ ဦး ပါဝင် ယှဉ်ပြိုင်ရန် စာရင်း‌ပေးသွင်းထားသည်ဟုသိရပြီး ပထမဆု ၃ သိန်း၊ ဒုတိယ ၂ သိန်း၊ တတိယ ၁ သိန်းခွဲ၊ စတုတ္ထဆု ၁ သိန်း၊ ပဉ်စမဆု ၅ ‌သောင်းစသည်ဖြင့် ဆုများအသီးသီးချီးမြှင့်သွားမည်ဖြစ်သည်။

ထို့အပြင် ပြိုင်ပွဲဝင်များ၏ သွားလာ‌ရေး၊ ‌နေထိုင်စား ‌သောက်‌ရေးနှင့်အသုံးပြုမည့်ချည်တန်ဖိုးများကို ပြည်နယ် အစိုးရမှ ကျခံ‌ပေးသွားမည်ဟု သိရသည်။ ကရင်ရိုးရာဒီဇိုင်းဂျပ်ခုပ်ပြိုင်ပွဲကို ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် အထိမ်းအမှတ်အဖြစ် ယမန်နှစ်က ကရင်ပြည်နယ်
ဖားအံမြို့တွင်ရှိသည့် ရက်ကန်းနှင့်အသက်‌မွေးပညာသင်တန်း‌ကျောင်း၌ ပထမအကြိမ် အဖြစ် ကျင်းပပြုလုပ်ခဲ့သည်။