ဒီဇင်ဘာလ ၁၈ ရက်၊ ၂ဝ၁၉ ခုနှစ်။ စောမြတ်ဦးသာ
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိမ်ချောင်း(လေးဝါးဖလိုး)ရွာ ဘုရားရှိခိုးကျောင်းတွင် ကရင်လက်နက်ကိုင် ၄ဖွဲ့ စုပေါင်းပါဝင်
ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်အဆင့် ကျင်းပမည့် ၈၂နှစ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အတွက် စာပေပြိုင်ပွဲတစ်ခုကို ဒီဇင်ဘာလ ၁၈ရက်(ယနေ့)တွင် ပြုလုပ်ခဲ့ကြသည်။
စာပေပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ စောသိန်းမြိုင်က “ခရိုင်အဆင့်အနေနဲ့ ကရင်လက်နက်ကိုင် ၄ဖွဲ့ စုပေါင်းကျင်းပ မယ့်အပေါ် အမျိုးသား ယဉ်ကျေးမှု စာပေဘက်မှာပါ နှစ်သစ်ကူးရဲ့ အနှစ်သာရပြည့်အောင် လုပ်ဆောင်ပေးခြင်းဖြစ် ပါတယ်။ ကရင်စာရေးဆရာကောင်းများ ပေါ်ထွက်လာဖို့နဲ့ စာပေချစ်တဲ့စိတ်ပိုများလာအောင် ရည်ရွယ်ကျင်းပရခြင်း ဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စာပေပြိုင်ပွဲတွင် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စကားပြေ၊ စာစီစာကုံး စာပေအမျိုးအစား ၅ မျိုးကို စကောကရင်
(စဝေါ်)စာပေနှင့် ပိုးကရင်(ဖလုံ)စာပေ ၂ မျိုးဖြင့် ထည့်သွင်းကျင်းပခဲ့သည်ဟု စာပေပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ စောသိန်းမြိုင်က ဆက်ပြောသည်။
“ စာပေက လူမျိုးတစ်မျိုးရဲ့ အသက်ပါ။ ကရင်နှစ်သစ်ကူးမှာ ကိုယ့်စာပေအပိုင်းမှာလည်း မြှင့်တင် ဖော်ထုတ် စေချင်လို့ လာပြိုင်ဖြစ်တာပါ။ အကောင်းဆုံးမရခဲ့ရင်တောင်မှ ကိုယ့်ရဲ့နေ့ထူးနေ့မြတ်မှာ ကိုယ့်ရဲ့စာပေ ဖော်ထုတ်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် အများကြီးဝမ်းသာပါတယ်” ဟု ပိုးကရင်စာပေဖြင့် စာစီစာကုံးလာရောက် ယှဉ်ပြိုင်သူ ကြာအင်းဆိပ်ကြီး
မြို့နယ် မရစ်ကလရွာနေ အဲရှူးဟီ့က ပြောသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ DKBA- ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊ KNU/KNLA (PC) -ကရင်
ငြိမ်းချမ်းရေးကောင်စီနှင့် BGF -ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်တို့ လက်နက်ကိုင် ၄ ဖွဲ့နှင့် လူထုများစုပေါင်း
ကျင်းပမည့် နှစ်သစ်ကူးနေ့အခမ်းအနားကို ဒီဇင်ဘာလ ၂၂ ရက် မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ယဉ်ကျေးမှုဒုံးအကပြိုင်ပွဲ၊ ကရင်-ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် KNU ငြိမ်းချမ်းရေးပြခန်း၊ KNU ဒူးပလာယာခရိုင် နောက်ခံ
သမိုင်းငြိမ်းချမ်းရေးပြခန်းနှင့် ကရင်လူမျိုးများ၏ ရိုးရာယဉ် ကျေးမှုပြခန်းများပါ ထည့်သွင်းကျင်းပသွားမည်ဟု
သိရသည်။