နိုဝင်ဘာ ၂၇ ရက်၊ ၂၀၁၉ ခုနှစ်။ နေနော်
မြဝတီမြို့မှ ၉ မိုင်ခန့်ကွာဝေးသည့် လေးကေ့ကော် မြို့သစ်တွင် ဂျပန်နိုင်ငံ၊ နီပွန်ဖောင်ဒေးရှင်းက အိမ်အလုံး ၂၀ဝ ဆောက်လုပ်လှူဒါန်းရာ အိမ်ရာအပ်နှံခြင်း အခမ်းအနားကို ယနေ့(နိုဝင်ဘာ ၂၇ ရက်)တွင် လေးကေ့ကော် အထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
လေးကေ့ကော်မြို့သစ်၊ စီမံခန့်ခွဲရေးကော်မတီ၊ ဥက္ကဋ္ဌစောဌေးမြင့်အောင်က “ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက လေးကေ့ကော်မှာ တိုက်ပွဲရှောင်ပြည်သူများအတွက် ဘက်စုံဒေသဖွံ့ဖြိုးရေး စီမံကိန်းအနေနဲ့ အိမ်ရာတွေ တည် ဆောက်လှူဒါန်းတာပါ။ ၂၀၁၈ မှာ အိမ်အလုံး ၁၀ဝနဲ့ အခု ဒုတိယအကြိမ် အိမ်အလုံး ၁၀ဝ ကို ဆောက်လုပ်ပြီး စီးအပ်နှံခဲ့ပြီး ဖြစ်တယ်” ဟု ပြောသည်။
အိမ်ရာ အပ်နှံခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Maruyama ၊ ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr.Sasakawa ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးနှင့် ထိပ်ပိုင်းခေါင်းဆောင်များ၊ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာစသည့် တိုင်းရင်းသား လက်နက် ကိုင်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် တပ်ဖက်မှ တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နယ်စပ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ရဲအောင်၊ အမျိုးသားပြန်လည်သင်ြ့မတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဋ္ဌာန (NRPC) ဒုဥက္ကဌ ဦးသိန်းဇော်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်ဝန်ကြီးများ အသီးသီး တက်ရောက်ခဲ့သည်။
လေးကေ့ကော်မြို့သစ်သည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြို့စတင်တည်ထောင်ခဲ့ပြီး မြဝတီမြို့ တောင်ဘက် ၉မိုင်ခန့်အကွာတွင် တည်ရှိသည်။
အဆိုပါမြို့သစ်တွင် နီပွန်ဖောင်ဒေးရှင်းက ဆောက်လုပ်ထားသည့် နေအိမ်အလုံးရေ ၂၀၀၊ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး(န.တ.လ) စီမံချက်ဖြင့် နေအိမ်အလုံး ၂၇၅ လုံး နှင့် အခြားနေအိမ် ၃၁၁ လုံးရှိကာ စစ်ဘေးရှောင်များ၊ ဒုက္ခသည်များ၊ ရွှေ့ပြောင်းလုပ်သားများ အပါအဝင် အိမ်ထောင်စု ၇၈၆ စုမှ လူဦးရေ ၃,၁၉၉ ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။



















