အောက်တိုဘာ ၁၅ ရက်၊ ၂၀၁၉ ခုနှစ်။ နန်းဝေဖြိုးဇာ
ထိုင်းနိုင်ငံ၊ ဖို့ဖရတ်မြို့နယ်ရှိ ရွှေ့ပြောင်းစာသင်ကျောင်းတစ်ကျောင်းဖြစ်သည့် သူးမွဲခီးကျောင်းသည် ယခုနှစ် တွင် သတ်မှတ်ဦးရေထက် ကျောင်းသူ၊ ကျောင်းသားများလက်ခံသည့်အတွက် စာသင်ဆောင်နှင့် နေရာ ထိုင်ခင်းအခက်အခဲများ ကြုံတွေ့နေရသည်ဟု ကျောင်းတာဝန်ရှိသူများက ပြောသည်။
မြန်မာရွှေ့ပြောင်း ကလေးငယ်များ မှီခိုအားထားရသည့် သူးမွဲခီးရွှေ့ပြောင်းစာသင်ကျောင်းတွင် ယခုနှစ် (၂ဝ၁၉ -၂၀) ပညာသင်နှစ်တွင် ကျောင်းသားဦးရေမှာ (၁၀၀၀)ခန့်ရှိလာသောကြောင့် ယခုလို အခက်အခဲများကို ကြုံတွေ့ရခြင်းဖြစ် သည်ဟု သူးမွဲခီးကျောင်းအုပ်ဖြစ်သူ စောဘွေဒိုက ကေအိုင်စီသို့ ယခုလိုပြောသည်။
“ကျောင်းသား ဦးရေ သတ်မှတ်မှုနဲ့ပတ်သက်ပြီးတော့ အမှန်က သတ်မှတ်ချင်ပါတယ်။ ပညာသင်ယူချင်လို့၊ ဒီကို ရောက်ရှိလာတဲ့ကလေးတွေကို လက်မခံနိုင်ဘူးလို့ ပြောလိုက်မယ်ဆိုရင် သူတို့အတွက် အခက်အခဲဖြစ်မယ်။ အခြား ကျောင်းတွေမှာ ကျောင်းသွားတက်ဖို့က နောက်ကျသွားမယ်။ ကလေးတွေရဲ့ အခွင့်အရေး၊ စိတ်ပါဝင်စားမှု၊ ဒီမှာ ကျောင်းတက်ချင်တဲ့စိတ်ကို ကျနော်တို့ ကြည့်ပြီး ကျနော်တို့ အခွင့်အရေးပေးရမယ်။ အခက်အခဲရှိလည်း လက်ခံရတဲ့ အပိုင်းရှိတယ်” ဟု ကျောင်းအုပ် စောဘွေဒိုက ပြောသည်။

သူးမွဲခီးကျောင်းသည် ပြည်တွင်း၊ နယ်စပ်ဒေသနှင့် ရွှေ့ပြောင်းကလေးငယ်များမှ လာရောက်ပညာသင်ကြား လျက်ရှိပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် အထက်တန်းလွန်(Post Ten) အဆင့်ဟူ၍ ၄ ဆင့်ရှိကာ အဂင်္လိပ်စာ၊ မြန်မာ စာ၊ ထိုင်း ၊ ကရင် စသည့် ဘာသာရပ် နှင့် အသက်မွေးဝမ်းကျောင်းပြု ပညာရပ်များကိုလည်း သင်ကြားပို့ချပေးသည်ဟု သိရသည်။
ထို့အပြင် အဆိုပါ စာသင်ကျောင်းမှ တက်ရောက်အောင်မြင်သွားသည့် ကျောင်းသားအချို့သည် နိုင်ငံခြားသို့ ပညာ တော်သင်အစီအစဉ်ဖြင့် ကျောင်းဆက်တက်ကြသူများရှိသလို လူထုအကျိုးပြု ကရင်အဖွဲ့အစည်းများနှင့် INGO အဖွဲ့အစည်းများတွင် ဝင်ရောက်လုပ်ကိုင်ကြသူများလည်း ရှိသည်ဟု သိရသည်။
ကျောင်းသား စောနယ်ဒိုက “ဒီမှာ ကျောင်းလာတက်တာ အခက်အခဲကတော့ အဖက်ဖက်ရှိတယ်။ မိသားစု ဘက်ကလည်း ကြည့်ရင် ရှိတယ်။ ကျောင်းဘက်မှာကျတော့ ကျနော်တို့က မြန်မာပြည်က လူတွေဖြစ်တဲ့အတွက် ကျနော်တို့မှာ မှတ်ပုံတင်တွေမရှိတဲ့အတွက် သွားရေး လာရေးမှာ အခက်အခဲရှိတယ်။ အခုကျတော့ ကျောင်းသား ဦးရေကများတော့ စာသင်ခန်းတွေက မလုံလောက်ဘူး။ အနာဂတ်မှာ အင်တာနေရှင်နယ် ကျောင်းတွေလို စာသင်ခန်း လုံလုံလောက်လောက် ရှိစေချင်တယ်”ဟု ပြောသည်။
သူးမွဲခီးစာသင်ကျောင်းကို ရွှေ့ပြောင်းအလုပ်သမားကလေးများ ပညာသင်ကြားနိုင်ရန်အတွက် ရည်ရွယ်ပြီး ၂၀၀၂ ခုနှစ်တွင် မူလတန်းအဆင့်ဖြင့် စတင်တည်ထောင်ခဲ့ကာ လက်ရှိအချိန်တွင် အထက်တန်းလွန် (Post Ten) အဆင့်ထိ သင်ကြားပို့ချပေးလျက်ရှိသည်။ ကျောင်းလည်ပတ်နိုင်ရေးအတွက် The Hope Project ၊ Spinning Topနှင့် I-Care Foundation စသည့် အဖွဲ့အစည်းများက ကူညီထောက်ပံ့ထားသည်ဟု သိရသည်။



















