Home သတင်း ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်-DKBA မှ တပ်ရင်းမှူးတစ်ဦး လုပ်ကြံခံရ၍ ‌သေဆုံး

ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်-DKBA မှ တပ်ရင်းမှူးတစ်ဦး လုပ်ကြံခံရ၍ ‌သေဆုံး

5187
၉၀၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စော‌ဝေ့ထူး

‌အောက်တိုဘာလ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် -DKBA မှ တပ်ရင်းမှူးတစ်ဦးသည် ယမန်‌နေ့ ည ၇ နာရီခွဲဝန်းကျင်အချိန် ၎င်း‌နေအိမ်အတွင်းရှိ‌နေစဉ် အမည်မသိ‌သေနတ်တစ်ဦးမှ ‌သေနတ်ဖြင့်ဝင်‌ရောက်ပစ်ခတ်မှု‌ကြောင့် ‌သေဆုံး သွား‌ကြောင်း သိရသည်။

‌သေဆုံးသွားသူမှာ ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် -DKBA ၉၀၉ တပ်ရင်းမှ အသက် ၄၉ နှစ်အရွယ် တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး ‌စော‌ဝေ့ထူးဖြစ်‌ကြောင်းသိရပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ DKBA ‌ကော့ကရိတ် ဆက်ဆံ‌ရေးရုံးမှ ဌာနမှူး ဗိုလ်မှူးကြီး‌စော‌ကျော်သန်း‌ဌေးက ယခုလို အတည်ပြု‌ပြောကြားသည်။

၎င်းက “ ဖြစ်စဉ်က‌တော့ ဟုတ်ပါတယ်။ မ‌နေ့ညက ၇ နာရီ၊ မိနစ် ၂ဝ ‌လောက်မှာပဲ အမည်မ သိ‌သေနတ်သမားက လာလုပ်ကြံတာဖြစ်ပါတယ်။ အိမ်မှာပဲဖြစ်တာပါ” ဟု‌ကေအိုင်စီသို့‌ပြောသည်။

ယမန်‌နေ့ညက ‌ကော့ကရိတ်မြို့၊ အမှတ် ၁ ရပ်ကွက်၊ ‌ချောင်း‌တောင်ကွက်သစ် ၂ လမ်းတွင် ‌နေထိုင်သည့် ဒုဗိုလ်မှူးကြီး ‌စော‌ဝေ့ထူး ‌နေအိမ်‌အောက်ထပ်တွင် ရှိ‌နေစဉ် အဆိုပါ‌သေနတ်သမားက လက်နက်ငယ် (အရှည်) ဖြင့် ၆ ချက် ဝင်‌ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်‌ကြောင်းလည်း သိရသည်။

ပစ်ခတ်ခံရသူ ဒုဗိုလ်မှူးကြီး ‌စော‌ဝေ့ထူးမှာ ရင်ဘတ်၊ နံ‌ဘေးနှင့် လက်များတွင် ရရှိထားသည့် ဒဏ်ရာ‌ကြောင့် ‌ကော့ကရိတ်‌ဆေးရုံပို့‌ဆောင်စဉ် ‌သေဆုံးသွားပြီး ဖြစ်ပွားခဲ့သည့် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ‌သေနတ်သမားအား လက်ရဖမ်းဆီးရမိခြင်းမရှိ‌သေး‌ကြောင်းလည်း ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် -DKBA ‌ကော့ကရိတ် ဆက်ဆံ‌ရေးရုံးထံမှ သိရသည်။