အောက်တိုဘာ ၃ဝ ရက်၊ ၂၀၁၉ခုနှစ်။ နန်းဝေဖြိုးဇာ
ပဋိပက္ခကြားတွင် ကျေးရွာတာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီးရွာသူကြီးဟောင်းများအား ၎င်းတို့ အတွေ့ အကြုံများကို ပြန်လည်မျှဝေနိုင်ရန်အတွက် ကရင်အမျိုးသမီးအစည်းအရုံး -KWO မှ ဦးစီးပြီး ဒုတိယအကြိမ် အမျိုးသမီးရွာသူကြီးဟောင်းများ အတွေ့အကြုံဖလှယ်ပွဲတစ်ခုကို ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပပြုခဲ့ကြသည်။
ကရင်အမျိုးသမီးရွာသူကြီးဟောင်း ၄ဝ ကျော်နှင့် KWO အဖွဲ့ဝင်အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်တက် ရောက်သည့် အဆိုပါတွေ့ဆုံဖလှယ်ပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး -KNU နယ်မြေ ဖားအံခရိုင်၊ လေးဝါးတွင် ၁ ရက်တာ ကျင်းပပြုလုပ်ခဲ့ကြခြင်းလည်း ဖြစ်သည်။
ယခုလို တွေ့ဆုံပေးခြင်းသည် အမျိုးသမီးရွာသူကြီးဟောင်းများကို အသိအမှတ်ပြုရန်နှင့် အတွေ့အကြုံများ ကိုဖလှယ်ပေးရန်အတွက် တွေ့ဆုံပွဲပြုလုပ်ခြင်းဖြစ်သည်ဟု KWO ဗဟိုအလုပ်အမှုဆောင်မှ လူမှုရေးတာဝန်ခံ နော်ဒါးမုက ကေအိုင်စီသို့ ယခုလိုပြောသည်။
၎င်းက“ သူတို့တွေဟာ တကယ် လုပ်ဆောင်လာခဲ့တဲ့ အမျိုးသမီးတွေပါ။ ဦးဆောင်နိုင်တဲ့အရည်အချင်း၊ ပြီး တော့ ဖြတ်သန်းမှုတွေအများကြီးရှိတယ်။ သူတို့တွေကို ဒီလိုပဲပျောက်မသွားစေချင်ဘူး။ သူတို့တွေကိုပြန်စုပြီး အသိအမှတ်ပြုလုပ်ဆောင်သွားစေချင်တယ်။ ပြီးတော့ လူထုအတွက် အလုပ်လုပ်နိုင်စွမ်းရှိသေးတဲ့သူကိုလည်း ရပ်ရွာလူထုအထဲမှာနိုင်သလောက် ပြန်လုပ်စေချင်တယ်။ အဲဒါကြောင့် သူတို့ စိတ်အားထက်သန်မှုရှိလာအောင် ယခုလို တွေ့ဆုံပေးတာဖြစ်တယ် ” ဟု ပြောသည်။
တစ်ရက်တာကျင်းပပြုလုပ်သည့် အမျိုးသမီးရွာသူကြီးဟောင်းများတွေ့ဆုံပွဲတွင် စစ်ရေးပဋိပက္ခများအတွင်း တွေ့ကြုံခဲ့ရသည့် အခြေအနေများ၊ ရင်ဆိုင်ခဲ့ရသည့်အခက်အခဲများနှင့် ဖြစ်ပေါ်ခဲ့သည့် ပြဿနာရပ်များအား ဖြေရှင်းဆောင်ရွက်ခဲ့ရပုံများကို အပြန်အလှန်မျှဝေဖလှယ်မှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ကရင်အမျိုးသမီးအစည်းအရုံးမှ ကောက်ယူထားသည့်စာရင်းအရ လက်ရှိအချိန်တွင် ကရင်အမျိုးသမီး ရွာ သူကြီးဟောင်း ဦးရေ ၆ဝ ကျော်ရှိနေပြီး အဆိုပါအမျိုးသမီးများကို KNUအနေဖြင့် အသိအမှတ်ပြု ဂုဏ်ပြုမှု များပြု လုပ်ပေးနိုင်ရန်အတွက် ကိုယ်ရေးအချက်အလက်များကောက်ယူကာ KNU ထံ တင်ပြသွားရန် ရှိကြောင်းလည်း KWOက ပြောသည်။
တွေ့ဆုံဖလှယ်ပွဲသို့ တက်ရောက်သည့် ရွာသူအကြီးအမျိုးသမီးအများစုမှာ ပြီးခဲ့သည့် စစ်ရေးပဋိပက္ခကာလများ အတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီးရွာသူကြီးများဖြစ်ပြီး အချို့မှာ ရွာသူကြီးတာဝန်မှ အနားယူ လိုက်သူများရှိသလို ယနေ့အချိန်ထိ ကျေးရွာ ရွာသူကြီး ဆက်လက်ထမ်းဆောင်နေသူများလည်း ပါဝင်သည်ဟု သိရသည်။
၁ဝနှစ်ကျော်ကြာ ရွာသူကြီးတာဝန်ထမ်းဆောင်သည့် ကော့ကရိတ်မြို့နယ် သကြားရွာရှိ နော်သီဖောက“ အခု က ငြိမ်းငြိမ်းချမ်းချမ်းရှိလာပြီး အဒေါ်လုပ်လာခဲ့တာနှစ်ပေါင်းကြာပြီးဆိုတော့ နားချင်တော့ ရွာက အမျိုးသား တစ်ယောက်ကို ရွာသူကြီးပြန်ပေးတက်လိုက်တယ်။ ရွာမှာ အခုရွာအဆင့် အမျိုးသမီး ခေါင်းဆောင်တော့ ဆက်လုပ်တယ်။ အရင်ကထက်စာရင် အခုအုပ်ချုပ်ရေးမှူးတွေက အသက်နဲ့ ရင်းပြီး အလုပ်လုပ် ရတာမရှိတော့ပါဘူး။ အခုဒီပွဲမှာ လာတွေ့ဆုံတော့ အများစုက မငြိမ်းချမ်းခင်က အခက်ခဲအမျိုးမျိုးကြုံပြီး မသေဘဲ ကျန်တဲ့လူတွေ များတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်အမျိုးသမီးရွာသူကြီးဟောင်းတွေ့ဆုံဖလှယ်ပွဲကို ပြီးခဲ့သည့် ၂၀၁၈ခုနှစ်က KNU သထုံခရိုင် (တပ်မဟာ ၁) တွင် ပထမ အကြိမ်ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်ပြုလုပ်သည့် ယခုတွေ့ဆုံပွဲတွင် KNU ထိန်းချုပ်နယ်မြေဖြစ်သည့် ဒူးပလာယာ၊ ဖားအံ၊ ဖာပွန်၊ သထုံ နှင့် ညောင်လေးပင်ခရိုင်ရှိ အမျိုးသမီးရွာသူကြီးများ ပါဝင်တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။



















