အောက်တိုဘာ ၂၄ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား
ကရင် တစ်ပြည်နယ်လုံးတွင် ယခုလာမည့် ဒီဇင်ဘာလအတွင်း ပါတီရုုံးများ အပြီးသတ်ဖွင့်လှစ်သွားမည်ဟု ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ- KNDP ဒုဥက္ကဌ(၁)ဖြစ်သူ စောမြတ်ထွဋ်ဝင်းက အောက်တိုဘာ ၂၄ ရက်(ယနေ့)တွင် ပြောဆိုသည်။
“မြို့နယ်ရုံး ၅ ရုံးဖွင့်ပြီးပြီး၊ ဖာပွန်မှာ ဆက်ဖွင့်ဖို့ရှိတယ်။ သံတောင်က (ပါတီ)ဆိုင်းဘုတ်တော့ ထောင်မယ်။ မြဝတီမှာ ခရိုင်ရုုံးဖွင့်ပြီးပြီ၊ ကျေးရွာတွေမှာလည်း ၅ဝ ရာခိုင်နှုန်းဖွင့်ပြီးပြီ”ဟု KNDP ဒုဥက္ကဌ(၁) စော မြတ်ထွဋ်ဝင်းက ကေအိုင်စီသို့ ပြောသည်။
လက်ရှိအချိန်တွင် KNDPမှ ဖားအံမြို့၌ ဗဟို၊ မြို့နယ်နှင့် အမှတ်(၆)ရပ်ကွက်ရုံး ၃ ရုံး၊ မြဝတီမြို့၌ ခရိုင်နှင့် မြို့ နယ်ရုံး ၂ ရုံး၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ လှိုင်းဘွဲမြို့တို့တွင် မြို့နယ်ရုံးများ၊ အထက်ပါမြို့နယ် ၅ မြို့ နယ်ရှိ ကျေးရွာအုပ်စုများနှင့် ကျေးရွာများတွင်လည်း ရုံးပေါင်း မြောက်များစွာ ဖွင့်လှစ်ထားရှိပြီဖြစ်ကြောင်း သိရသည်။
ပါတီရုံးများဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ်ထောင်ခြင်းများ ပြုလုပ်နေသည့်အပြင် ပါတီစည်းရုံးရေး လုပ်ငန်းစဉ် များကိုပါ လုပ်ဆောင်နေသလို ကျန်ကရင်ပါတီများနှင့်လည်း မဲဆန္ဒနယ် မထပ်ရေးအတွက် သဘောတူ ညှိနှိုင်း မှုများ ပြုလုပ်နေသည်ဟုလည်း KNDP တာဝန်ရှိသူများက ပြောဆိုသည်။
ကရင်ပြည်နယ်အခြေစိုက် ကရင်ပါတီ ၃ ပါတီကို ဖျက်သိမ်းပြီး ပူးပေါင်းဖွဲ့စည်းထားသည့် ကရင်အမျိုးသားဒီမို ကရက်တစ်ပါတီ(Karen National Democratic Party-KNDP)ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ရက် စွဲဖြင့် တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် ကရင်ပြည်နယ် အခြေစိုက် KNDP၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ရန်ကုန် တွင် ကရင်ပြည်သူ့ပါတီ (KPP)နှင့် ကရင်အမျိုးသားပါတီ (KNP) ဟူ၍ ကရင်နိုင်ငံရေးပါတီ စုုစုပေါင်း ၄ ပါတီ ကျန်ရှိ နေသည်။
အလားတူ ကရင်ပြည်သူ့ပါတီ(KPP) ကလည်း ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၂၂ မြို့နယ်တွင် မြို့နယ် အဆင့်ရုံးများကို ဖွင့်လှစ်ထားပြီး ပါတီစည်းရုံးရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေသည်ဟု ပါတီဒုဥက္ကဌ စောစေးဝါးက အောက်တိုဘာ ၈ ရက်နေ့တွင် ကေအိုင်စီသို့ ပြောခဲ့သည်။
လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကရင်ပါတီများအချင်းချင်း မဲဆန္ဒ ထပ်နေသည့် နယ်များစွာရှိခဲ့ပြီး ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် KPP လွှတ်တော်အမတ် တစ်ဦး မှလွဲ၍ ကရင်ပါတီဝင်များအားလုံး အရေးနိမ့်ခဲ့သည်။