စက်တင်ဘာ ၁၈၊ ၂၀၁၉ ခုနှစ်။ စောထွန်းလင်း
ကရင်အမျိုးသား အာဇာနည်နေ့ ကျင်းပသည့်အတွက် နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးကို ငြိမ်းစုစီ ဥပဒေ အရ တရားစွဲထားသည့် အမှုအား လာမည့် စက်တင်ဘာ ၂၄ ရက်နေ့ ရုံးချိန်းတွင် အမှုအစည်းအဝေး ပြုလုပ် ပြီးနောက် တရားလိုနှင့် တရားလိုပြ သက်သေများကို စတင် စစ်ဆေးသွားမည်ဟု ယမန်နေ့က ပြုလုပ်သည့် တရားခွင်၌ မြို့နယ်တရားသူကြီးက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ နော်အုန်းလှက ” ကျမတို့ ဥပဒေနဲ့ အညီလုပ်ခဲ့တာ ကျမတို့ တိုင်းရင်းသား အခွင့် အရေးချိုးဖောက်ခံရတာ။ ဥပဒေနဲ့ အညီ ငြိမ်းစုစီတင်တာကို ဒေသန္တရအမိန့် အရဆိုပြီးတော့ ညှိနှိုင်းတယ်၊ ကျမ တို့ လက်မခံဘူး။ ဥပဒေနဲ့ အညီလုပ်ခဲ့တယ်။ မလုပ်တာသူတို ့ဘဲ။ ကျမတို့ ပူးပေါင်းစရာ မရှိဘူး။ ဒါပေမဲ့ ရုံးချိန်း တော့ ထွက်လာမယ်၊ လာမဲ့ ၂၄ ရက်နေ့ ကျရင်” ဟု တရားခွင်အပြီးတွင် မီဒီယာများသို့ ပြောသည်။
အဆိုပါ အမှုတွဲတွင်ပါသည့် ကရင်လူငယ် ၂ ဦးသည် စက်တင်ဘာ ၁၇ ရက်နေ့က ပြုလုပ်သည့် ကျောက်တံတား မြို့နယ်တရားရုံး၊ တရားခွင်၌ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပြီး အပြစ်မရှိသည့် အတွက် အာမခံ ယူခဲ့ခြင်းမရှိကြောင်း ကေအိုင်စီသို့ ပြောသည်။

” အဲ့ဒီမှာရောက်တော့ ပတ်ဝန်းကျင်က အရမ်းဆူညံနေတယ်။ အဲ့မှာ အပြစ်ရှိသလားလို့ မေးတဲ့အခါမှာ အသင့်ရှိ ပါသလားလို့ ကြားတယ်။ ရှိပါတယ်လို ့ပြန်ဖြေမိတယ်။ နောက်ပိုင်းအပြစ်မရှိဘူးလို့ တရားသူကြီးကို ပြန်ဖြေခဲ့ တယ်။ အပြစ်မရှိလို့ အာမခံလည်းမယူဘူး” ဟု အမှုတွဲတွင်ပါသည့် စောအဲဘတ်ချိုက ကေအိုင်စီသို့ ပြောသည်။
အမှုအစည်းအဝေး(CMP) ပြုလုပ်ခြင်းသည် အမှုတစ်ခုအား မည်သည့် နေ့တွင် မည်သူ့ကိုစစ်မည်၊ မည်သည့် ရက်တွင် စွဲချက်တင်မည်၊ မည်သည့် ရက်တွင် အမိန့်ချမည် စသည်ဖြင့် ရက်သတ်မှတ် စစ်ဆေးသည့် ပုံစံမျိုး ဖြစ်သည်။ ထို့အတွက် သတ်မှတ်ရက်အတွင်း အမှုပြီးနိုင်သော်လည်း ရှုပ်ထွေးမှုများလည်း ရှိသည်ပြီး ငြိမ်းစုစီ အမှုသည် ရက်ပိုင်းအတွင် အပြီးစစ်ဆေးနိုင်သည့် အမှုမျိုးဖြစ်သည် ဟု ကရင် ဥပဒေ အထောက်အကူပြု အဖွဲ့မှ တရားလွှတ်တော်ရှေ့နေတဦးက ပြောသည်။
” ငြိမ်းစုစီ ဥပဒေထဲမှာ သွားကြည့်လိုက် ခွင့်ပြုချက်မတင်လို့လည်း မဟုတ်ဘူး။ အချက် ၄၊ ၅၊ ၆ ကို ညှိစွန်းမှ သာလျှင် ငြိမ်းစုစီ ပုဒ်မ ၂ဝ နဲ့ စွဲလို့ ရတယ်။ နော်အုန်းလှတို့သည် ငြိမ်းချမ်းစွာစီတန်းလှည့်လည်တယ်။ အမှိုက် ပွတာလည်း မရှိဘူး။ ပတ်ဝန်းကျင်ဆူညံတာလည်း မရှိဘူး။ သူတို့ တင်တဲ့ အတိုင်းဆောင်ရွက်တယ်။ တစ်ခါ တရားရုံးရောက်လာတော့ အမှုအစည်းအဝေး (CMP) တွေဘာတွေ ပြောလာတာတော့ မကောင်းဘူးပေါ့” ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၁၇ ရက်နေ့တွင် ပြုလုပ်သည့် ရုံးချိန်းသို့ ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ကရင်ပြည်သူ များ၊ ကရင်အနုပညာရှင်များ၊ ကရင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်များ၊ လူဘောင်သစ်ပါတီဝင် လူငယ် များ၊ လူမှုအဖွဲ့အစည်းများမှ လူငယ်များ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ UNA အဖွဲ့ဝင်များ အပါ အဝင်စုစုပေါင်း ၁၅ဝ ဦးကျော် လာရောက်ဝန်းရံအားပေး နုတ်ဆက် ခဲ့ကြသည်။



















