Home သတင်း ဖားအံ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များ‌နေ့အခမ်းအနား လူငယ် ၈ဝဝ‌ကျော် တက်‌ရောက်

ဖားအံ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များ‌နေ့အခမ်းအနား လူငယ် ၈ဝဝ‌ကျော် တက်‌ရောက်

2938

ဩဂုတ် ၁၇ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

အပြည်ပြည်ဆိုင်ရာ လူငယ်များ‌နေ့ အခမ်းအနားကို ကရင်ပြည်နယ်၏မြို့‌တော် ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဩဂုတ်လ ၁၇ ရက်(ယ‌နေ့)တွင် ကျင်းပပြုလုပ်ခဲ့ကြရာ စိတ်ပါဝင်စားသူ လူငယ် ၈ဝဝ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

နိုင်ငံအရပ်ရပ်တွင် ကျင်းပမှုများရှိ‌နေသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များ‌နေ့ အခမ်းအနားကို ကရင်ပြည်နယ် တွင် ၂ဝ၁၁ ခုနှစ်မှ စတင်ပြုလုပ်ခဲ့‌သော်လည်း ယခင်နှစ်များက လူဦး‌ရေအကန့်အသတ်ဖြင့်သာ ပြုလုပ်ကျင်း ပခဲ့ကြခြင်းလည်း ဖြစ်သည်။

ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီဝင် နန်းထက်ထက်လင်းစိုးက “ဒီနှစ်က လူအကန့်အသတ်နဲ့မထားဘဲ ဖွင့်‌ပေး လိုက်‌တော့ လူ ၈ဝဝ ‌လောက်တက်‌ရောက်လာတယ်။ မနှစ်က ၇ဝဝ ‌လောက်‌တော့တက်တယ်။ ဒီနှစ်ရဲ့ ရည်ရွယ်ချက်က‌တော့ အရည်အ‌သွေးပြည့်ဝတဲ့ ပညာ‌ရေးပြုပြင်‌ပြောင်းလဲမှု‌တွေလုပ်‌နေတဲ့‌နေရာမှာ လူငယ်‌တွေအ‌နေနဲ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်‌ဖော်‌ဆောင်နိုင်ဖို့ပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် လူငယ်အဖွဲ့များမှ ဦး‌ဆောင်ပြုလုပ်သည့် ယခုပွဲတွင် “Transforming Education (‌ပြောင်းလဲ ‌နေ‌သော ပညာ‌ရေးဆီသို့ လူငယ်တိုင်း တူညီပါဝင်စို့)” ဟူ‌သော ‌ဆောင်ပုဒ်(‌ခေါင်းစဉ်)ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်း လည်း ဖြစ်သည်။

ယခုပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင်များ၊ ကရင်ပြည်နယ်ရှိ ပုဂ္ဂလိက အ‌ခြေခံနှင့် အဆင့်မြင့် ပညာ‌ရေး‌ကျောင်းများ၊ အစိုးရတက္ကသိုလ်များ၊ မြို့နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များတက် ‌ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ မိန့်ခွန်း‌ပြောကြားခြင်း၊ ဆုများ‌ပေးအပ်ချီးမြှင့်ခြင်း၊ Special Talks အဖြစ် ပညာ‌ရေးနှင့်လူငယ်ဆိုင်ရာ အ‌ကြောင်းအရာများကို တတ်ကျွမ်း‌သောဆရာများမှ ဦး‌ဆောင်‌ဆွေး‌နွေးခြင်း၊ Panel Discussion နှင့် လူငယ်များ၏ ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များ စသည်တို့ကို ပြုလုပ်ခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့မှ ယခုပွဲသို့ တက်‌ရောက်လာ‌သော နန်းမိုးမိုး‌ထွေးက “ညီမက‌တော့ မတတ်တဲ့ ပညာ‌တွေ ကို သင်ယူချင်တယ်။ လက်ရှိအချိန်မှာ ပညာမပြည့်စုံ‌တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ‌သေးဘူး။ ဒါ‌ကြောင့် ဒီပွဲက ဆရာ‌တွေ ‌ပြောသွားတာ‌တွေကို လာ‌ရောက်သင်ယူချင်တယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်က ၁၉၈၅ ခုနှစ်မှ စတင်ကာ ဩဂုတ်လ ၁၂ရက်‌နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များ‌နေ့အဖြစ် သတ်မှတ်လာခဲ့ခြင်းဖြစ်သည်။