ဩဂုတ် ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ လက်ရှိ ဗဟိုအမြဲတမ်းကော်မတီဝင်လည်းဖြစ် ယခင် KNU နိုင်ငံခြားရေးဌာနမှူးဟောင်းလည်းဖြစ်သူ ပဒိုစောအောင်ဝင်းရွှေသည် ယမန်နေ့ (ဩဂုတ်လ ၁၈ရက်) ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
အသက် (၅၅)နှစ်အရွယ် ပဒိုစောအောင်ဝင်းရွှေသည် ဦးနှောက်ကင်ဆာရောဂါဝေဒနာဖြင့် ထိုင်းနိုင်ငံ၊ မဲ ဆောက်မြို့ ဆေးရုံ၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူဘက်က အတည်ပြုပြောဆိုခဲ့သည်။
ကေအဲန်ယူ ဗဟိုအတွင်းရေးမှူးချုပ်ရုံး ရုံးထိုင်မှူး ပဒိုစောစေးစေးက“ကျနော့်တစ်ယောက်အနေနဲ့ပြောရရင် သူက ခေါင်းဆောင်ကောင်း တစ်ယောက်ပါပဲ။ သူက ပညာတတ်လည်းဖြစ်သလို တော်လှန်ရေးရဲ့ အကြပ်အတည်း ကာလတွေကတည်းက ဝင်လုပ်ပြီး ကျရာတာဝန်ကို သူမရှောင်ဘူး။ ဒီလိုခေါင်းဆောင်တစ်ဦး ကွယ်လွန်သွားတဲ့ အပေါ် အများကြီးဆုံးရှုံးနစ်နာပါတယ်”ဟု ကေအိုင်စီသို့ပြောသည်။
ပဒိုအောင်ဝင်းရွှေသည် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ရေလဲကျေးရွာ ဇာတိဖြစ်ပြီး ၁၉၈၉ခုနှစ်၊ မတ်လ ၄ရက်နေ့မှစ၍ ကရင်တော်လှန်ရေးထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ဗဟို ဌာနချုပ်တွင် တပ်သားအဖြစ် ပါဝင်ထမ်းဆောင်ခဲ့ရာ ၂၀၀၁ ခုနှစ်တွင် ဗိုလ်ကြီးအဆင့် ထိ တာဝန်ထမ်းဆောင်ပြီးမှ ၂၀၁၅ ခုနှစ်တွင် ဗဟိုနိုင်ငံခြားရေးဌာနမှူးအထိ ထမ်းဆောင်ခဲ့သည်။
၎င်းတာဝန်အဆင့်ဆင့်ထမ်းဆောင်ခြင်းနှင့်အတူ ပညာရေးကဏ္ဍများတွင်လည်းပါဝင်အားဖြည့်ပေးပြီး ကျောင်း များကို ဦးဆောင်ဖွဲ့စည်းတည်ထောင်ခြင်း၊ ဆရာအဖြစ် သင်ကြားပေးခြင်းများကိုပါ တာဝန်ယူဆောင် ရွက်ပေးခဲ့ သူတစ်ဦးလည်း ဖြစ်သည်။
ပဒို အောင်ဝင်းရွှေသည် ကွယ်လွန်ချိန်တွင် ဇနီးသည် နော်ရှီးလာ တစ်ဦးသာ ကျန်ရစ်ခဲ့ပြီး ၎င်း၏ ဈာပန အခမ်း အနားကို လာမည့် ဩဂုတ်လ ၂၁ရက်နေ့ ၊ ဗုဒ္ဓဟူးနေ့တွင် KNLA ဌာနချုပ်တည်ရှိရာ သေ့ဘေ့ထာ့တွင် ကျင်းပ ပြုလုပ်ပေးသွားမည်ဖြစ်သည်။



















