ဇူလိုင်လ ၂ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား
ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ မွေးရပ်ဇာတိဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီး ထောင့်မြို့နယ်၊ ဘဲဂရက်ကျေးရွာသွားသည့် ကတ္တရာလမ်းသစ်ကို လာမည့် ဒီဇင်ဘာလမှသာ ဖွင့်လှစ် နိုင်မည် ဟု KNU-ကရင်အမျိုးသားအစည်းအရုံးမှ လမ်းဖောက်လုပ်ရေးတာဝန်ရှိသူတစ်ဦးက ယနေ့(ဇူလိုင် ၂ ရက်)တွင် ပြောသည်။
KNU မှ ဦးဆောင်ဖောက်လုပ်ပေးခဲ့သည့် အဆိုပါလမ်းကို ကရင်အာဇာနည်နေ့ဖြစ်သော ဩဂုတ်လ ၁၂ နေ့တွင် ဖွင့်လှစ်ရန် ကနဦးလျာထားသော်လည်း ရာသီဥတုအခြေအနေကြောင့် ဒီဇင်ဘာလမှသာ ဖွင့်လှစ်သွား နိုင်မည်ဖြစ်ကြောင်း KNU ဥက္ကဌ၏ အနီးကပ်လုံခြုံရေး တာဝန်ရှိသူ ဗိုလ်မှူးစောရန်နိုင်က ယခုလိုပြောသည်။
ဗိုလ်မှူးစောရန်နိုင်က “ဖွင့်ဖို့ ပြုဖို့က မိုးနဲ့ရေနဲ့ကတော့လည်း အဆင်မပြေဘူး။ အခုက အစိုးရကလည်း ဝိုင်း လုပ်ပေးတော့ ဖွင့်ရင် ပေါင်းဖွင့်ရမှာပေါ့။ လမ်းပိုင်းက အကုန်ပြီးပေမယ့် တံတားလေး ၂ စင်းကလည်း မပြီးသေး ဘူး။ ဒီဇင်ဘာလောက်မှပဲ ဖွင့်မယ်လေ။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ လမ်းမှာ ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးရှိ မိချောင်းတစ်ရာကျေးရွာထိပ်မှ ဘဲဂရက် ကျေးရွာအထိ ဆက်သွယ်ဖောက်လုပ်သည့် အရှည် (၂) မိုင်ခန့် ရှည်လျားသောလမ်းဖြစ်ပြီး ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ လမ်းညွှန်ချက်ဖြင့် ဖောက်လုပ်ခဲ့ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။
ဘဲဂရက်ကျေးရွာလမ်းမှာ မြေသားအကျယ်ပေ (၂၀) အောက်ခံခင်းထားပြီး မြေသားလမ်းပေါ်တွင် (၁၄) ပေ ကတ္တရာလမ်းအား ထပ်လောင်းခင်း၍ ဖောက်လုပ်ခဲ့ရာ လွန်ခဲ့သည် ဇွန်လတွင် ပြီးစီးသွားသည်ဟုလည်း သိရ သည်။
အဆိုပါလမ်းကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နှင့် KNUတို့ ညှိနှိုင်းသဘော တူညီချက်အရ ဖောက်လုပ်ခဲ့ပြီး ကျေးလက်လမ်းဖြစ်သည့်အတွက် အစိုးရ ကျေးလက်လမ်းဖွံ့ဖြိုး ရေး ဦးစီးဌာနနှင့် ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။
ယခု ဘဲဂရက်လမ်းကို KNU ဥက္ကဌ ဗုိုလ်ချုပ်ကြီး စောမူတူးစေးဖိုးမှ ကရင်အမျိုးသားခေါင်းဆောင် စောဘဦး ကြီး ကျောက်တိုင်သို့ သွားရောက်ခဲ့ရာမှ ရွာအဝင်လမ်း ခက်ခဲသဖြင့် ကရင်နှစ်သစ်ကူးနေ့ (ဇန်နဝါရီလ ၆ ရက်) တွင် ပန္နက်ရိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ဖောက်လုပ်ခဲ့ခြင်းဖြစ် သည်။



















