Home သတင်း ထိုင်းရှိ ဒုက္ခသည်စခန်းများမှ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်လာသူ ၁ဝဝ ‌ကျော် ထပ်မံ‌ရောက်ရှိ

ထိုင်းရှိ ဒုက္ခသည်စခန်းများမှ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်လာသူ ၁ဝဝ ‌ကျော် ထပ်မံ‌ရောက်ရှိ

2738

ဇူလိုင် ၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ထိုင်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း ၃ ခုမှ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်လာသူ မြန်မာဒုက္ခသည် ၁၅၇ ဦးသည် ယမန်‌နေ့(ဇူလိုင် ၁ ရက်)၊ ည‌နေ ၄ နာရီအချိန်ခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ‌ကျောက်လုံးကြီး ပြန်လည်ကြိုဆို‌ရေးစခန်းသိုု့ ပြန်လည်‌ရောက်ရှိလာခဲ့ကြသည်။

အဆိုပါ ပြန်လည် ‌ရောက်ရှိလာသည့် ‌နေရပ်ပြန် ဒုက္ခသည် ၁၅၇ ဦးမှာ ထိုင်းနိုင်ငံနယ်စပ်တာ့ခ်ခရိုင် အုန်းဖန်မြို့ နယ်ရှိ နို့ဖိုးဒုက္ခသည်စခန်း၊ ဖို့ဖရတ်မြို့နယ် အုန်းဖျန်ဒုက္ခသည်စခန်းနှင့် ထာ့‌ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည် စခန်းတို့မှဖြစ်ပြီး မဲ‌ဆောက်-မြဝတီလမ်း‌ကြောင်းမှတဆင့် ပြန်လည်‌ရောက်ရှိလာ ခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်း‌နောင်က “တစ်ချိန်က ပြည်တွင်းပဋိပက္ခ‌ကြောင့် ‌နေရပ်စွန့်ခွာပြီး အခုလိုပြန်လည်ဝင်‌ရောက်လာတဲ့အတွက် များစွာဝမ်းသာပီတိဖြစ်မိပါတယ်။ ကိုယ့်‌မြေ ကိုယ့်‌ရေ ကိုယ့်‌ဒေသကို ပြန်လည်‌ရောက်ရှိလာပြီးဖြစ်တဲ့အတွက် နိုင်ငံ‌တော်အစိုးရအ‌နေနဲ့ ‌နွေး‌ထွေးစွာဖြင့် လက်ကမ်းကြို‌နေပါတယ်။ ပြန်လည်ဝင်‌ရောက်လာတဲ့ မြန်မာနိုင်ငံသားများကို အစိုးရအဖွဲ့အစည်းနဲ့ အရပ်ဘက်အဖွဲ့အစည်းများမှ ကူညီ‌ထောက်ပံ့‌ပေးမှာဖြစ်ပါတယ် ”ဟု ပြန်လည်ကြိုဆို‌ရေး အခမ်းအနားတွင် ‌ပြောကြား သည်။

ထိုင်းနိုင်ငံတွင်းရှိ ဒုက္ခသည်စခန်း (၉) ခုတွင် ‌နေထိုင်ကြသည့် ဒုက္ခသည်များသည် လတ်တ‌လောတွင် တတိယ နိုင်ငံသို့ သွားရန် အခွင့်အလမ်းနည်းခြင်းနှင့် ‌ထောက်ပံ့ကူညီမှုများလည်း ‌လျော့နည်းလာခြင်းတို့‌ကြောင့် အခက်အခဲဖြစ်လာပြီး နှစ်နိုင်ငံ ညှိနှိုင်း‌ဆောင်ရွက်မှုဖြင့် ယခုလို ပြန်လည်လက်ခံခြင်းလုပ်ငန်းများ ‌ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက အခမ်းအနားတွင် ‌ပြောကြားသည်။

“ အခုလို ထိုင်းနိုင်ငံတွင်းရှိ ဒုက္ခသည်စခန်းမှ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်လိုသူများရဲ့ တင်ပြလာမှုကို သံရုံးက ဦး‌ဆောင်ပြီး‌တော့ မြန်မာနိုင်ငံမှ လဝက၊ SB အစရှိတဲ့ အဖွဲ့များပါဝင်‌သော အချက်အလက် စု‌ဆောင်း‌ရေးအဖွဲ့က ပထမအဆင့်မှာ ‌နေအိမ်‌ပေးစရာ မလိုသူ‌တွေကို ဦးစား‌ပေး ‌ခေါ်ယူပြီး ဒုတိယအဆင့်မှာ ‌ကျောင်း‌နေ‌သော က‌လေးများ ‌ကျောင်းပြီးရင်နဲ့ တတိယအဆင့်မှာ ‌နေအိမ်၊ အလုပ်အကိုင် လိုအပ်သူများကို စာရင်း‌ကောက်ပြီး သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းတွင် ‌နေထိုင်ဖို့ အဆင်‌ပြေမှ ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူး‌ပေါင်း၍ ပို့‌ဆောင်‌ပေးခြင်း ဖြစ်ပါတယ်”ဟု သံအမတ်ကြီး ဦးမျိုးမြင့်သန်းက ‌ပြောသည်။
နို့ဖိုးဒုက္ခသည်စခန်းမှ ပြန်လည်‌ရောက်ရှိလာသူ ‌စောထူးဝါးက“ အ‌ခြေအ‌နေအ‌ကြောင်း အမျိုးမျိုး‌ကြောင့် ဒုက္ခသည်စခန်းမှာ မိသားစု ၆ ဦးနဲ့အတူ ‌နေထိုင်ခဲ့တာ ၁ဝ နှစ်‌ကျော်ရှိပြီ။ ဒုက္ခသည်စခန်းမှာ ‌နေ့စားအလုပ်များ လိုက်လုပ်ပြီး‌နေထိုင်စား‌သောက်ရပါတယ်။ အခုအခါ ‌နေရပ်သို့ပြန်၍ ‌တောင်ယာအလုပ်ပြန်လုပ်ကာ ‌နေထိုင်သွားမယ်”ဟု ‌ပြောသည်။

ဒုက္ခသည်များ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်နိုင်‌ရေးအစီအစဉ်များ ဖြစ်‌ပေါ်လာပြီး‌နောက် နို့ဖိုးဒုက္ခသည်စခန်းမှ လူဦး‌ရေ ၆၅ ဦးမှာ ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ ‌အောက်တိုဘာလ ၂၆ ရက်‌နေ့တွင် မဲ‌ဆောက်-မြဝတီနယ်စပ်မှ တစ်ဆင့် ပထမဆုံးအကြိမ်အဖြစ် ‌နေရပ်သို့ ပြန်လည်ပို့ ‌ဆောင်‌ပေးခဲ့သည်။ ဒုတိယ အကြိမ်အ‌နေဖြင့် ၂ဝ၁၈ ခုနှစ်၊ ‌မေလ ၇ရက်‌နေ့တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ ဘမ့်ဒုံယမ်းနှင့် Mai Nai Soi (မိုင်နန်းစွယ်) စသည့် ဒုက္ခသည်စခန်းမှ ဦး‌ရေ (၉၃)ဦးနှင့် တတိယအကြိမ်အဖြစ် ယခုနှစ် ‌ဖေ‌ဖော်ဝါရီလတွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုးဒုက္ခသည်စခန်းတို့မှ ၅၇၅ ဦး ပြန်လည်‌ရောက်ရှိလာခဲ့ပြီးဟု မြန်မာအစိုးရ တာဝန်ရှိသူဘက်က ‌ပြောသည်။

ထိုသို့ ဒုက္ခသည်များ မိမိ‌နေရပ်ပြန်လာရာတွင် သယ်ယူပို့‌ဆောင်‌ရေး ၊ ခရီးစရိတ်နှင့် စားနပ်ရိက္ခာတို့ကို UNHCR က‌နေ ထိုင်းနိုင်ငံရှိ ‌ရွှေ့‌ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ (International Organization for Migration-IOM) မှ ကူညီ‌ပေးခဲ့ပြီး ခရီးစရိတ်အတွက် လူတစ်ဦးလျှင် ထိုင်းဘတ်‌ငွေ ၁,၈၀ဝ နှင့် ဘဝပြန်လည် ထူ‌ထောင်‌ရေးအတွက် လူကြီးတစ်ဦးလျှင် ဘတ် ၅,၄၀၀၊ က‌လေးတစ်ဦးလျှင် ဘတ် ၃,၆၀၀၊ စားနပ်ရိက္ခာအကူ အညီအတွက် ကမ္ဘာ့စားနပ်ရိက္ခာ (WFP)၏ အစီအစဉ်ဖြင့် အစားအစာ ၆ လစာနှင့်ညီမျှ‌သော ‌ငွေ‌ကြေးကို လူ တစ်ဦးလျှင် ဘတ်‌ငွေ ၂,၁၀ဝ စီအပြင် ခြင်‌ထောင်၊ အမျိုးသမီး လစဉ်သုံး၊ ခရီး‌ဆောင်အိတ်နှင့် စာရွက်စာတမ်း ထည့်သည့်ဖိုင်များကို IOM မှ တစ်ဆင့် ‌ပေးအပ်ကူညီခဲ့သည်ဟုလည်း UNHCR ဘက်က ထုတ်ပြန်ထားသည်။

ထို့အပြင်ယမန်‌နေ ့က ပြန်လည်ဝင်‌ရောက်လာသည့် မြန်မာဒုက္ခသည်များကို အခမဲ့ပြန်လည်ပို့‌ဆောင်‌ပေးရန် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကြိုဆိုပို့‌ဆောင်‌ရေးအဖွဲ့များထံလွှဲ‌ပြောင်းမည်ဖြစ်ကာ လူတစ်ဦးလျှင် ‌ထောက်ပံ့‌ငွေ ၁ သိန်းကျပ်၊ နှစ်ဦးလျှင် ၂ သိန်းကျပ်၊ မိသားစု ၃ ဦးနှင့်အထက်အား ၃ သိန်းကျပ် ‌ထောက်ပံ့‌ငွေများအပြင် အသုံးအ‌ဆောင်ပစ္စည်း ၉ မျိုးနှင့် တစ်လစာဆန်များအား ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ‌ထောက်ပံ့‌ပေးသလို အခြားအရပ်ဘက်လူမှု‌ရေးအသင်းအဖွဲ့မှလည်း ‌ထောက်ပံ့ပစ္စည်းများ‌ပေးအပ်ခဲ့သည်ဟု ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦးသန်းထွဋ်‌ဆွေက ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တစ်‌လျှောက် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ဘမ့်ဒုံယမ်း၊ ထမ့်ဟင်နှင့် အ မှတ် (၁)၊ အမှတ် (၂) ကရင်နီဒုက္ခသည်စခန်းအပါအဝင် ဒုက္ခသည်စခန်း ၉ ခုတွင် စုစု‌ပေါင်း လူဦး‌ရေ တစ် သိန်းခန့် ခိုလှုံ ‌နေဆဲဖြစ်သည်ဟု ကမ္ဘာ့ကုသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ၂ဝ၁၈ ခုနှစ်၊ မတ်လတွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ အစိုးရ၏ မှတ်တမ်းများအရ ၂ဝ၁၆ ခုနှစ်မှစ၍ ယခု စတုတ္ထအကြိမ်အထိ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန် ဒုက္ခသည် ဦး‌ရေ ၉ဝဝ ခန့်ရှိပြီဖြစ်ပြီး နံနက်ဖြန် ဇူလိုင်လ ၃ရက်‌နေ့တွင်လည်း စတုတ္ထအကြိမ် အစီအစဉ်အရ လူဦး‌ရေ ၁၁၉ ဦး ထပ်မံ ‌ရောက်ရှိလာမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ‌ပြောသည်။