ဇူလိုင် ၉ ရက်၊ ၂၀၁၉ ခုနှစ်။ စောထွန်းလင်း
သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ အခြေခံပညာကျောင်းများတွင် စကောကရင်စာ သင်ကြားသည့် ဆရာ၊ ဆရာမ မလုံလောက်သည့်အတွက် TA (Teacher Assistant) ၆ဝ ဦး ခန့်ထားပေးရန် ထပ်တိုးလျှောက်ထား သည်ဟု မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဘဏ္ဍာရေးမှူး နော်မူးဒီစေးကြီးက ကေအိုင်စီသို့ ပြောသည်။
ဂယ်ဘားလူမျိုးများ အများစုနေထိုင်ကြသည့် အဆိုပါ လိပ်သို ဒေသတွင် ဂယ်ဘား လက်တင်စာသင်ကြား သည့် ကျောင်းများရှိသလို စကောကရင်စာသင်ကြားသည့် ကျောင်းများလည်းရှိပြီး ယခုပညာသင်နှစ်တွင် စကောကရင်စာ သင်ကျောင်းများနှင့် သင်မည့်ကျောင်းသူကျောင်းသားများ ထပ်တိုးလာသည့်အတွက် ယခုလို TA ဆရာ၊ ဆရာမများ ထပ်ခန့်ထားရန် လျှောက်ထားခြင်းဖြစ်သည်ဟု နော်မူးဒီစေးကြီးက ပြောသည်။
၎င်းက “ ဂယ်ဘားရေးရာအောက်မှာကျတော့ ဂယ်ဘား လက်တင်စာ (RBCD) သင်တဲ့ ကျောင်း ၂၂ ရှိတယ်။ စကောကို အခြေပြုတဲ့ ဂယ်ဘားက ၂၅ ကျောင်းရှိတယ်။ ဒီနှစ်စာသင်နှစ် ၂၀၁၉-၂ဝ အတွက် စကော စာသင် ကျောင်း တိုးလာပြီး ဆရာ၊ ဆရာမ ၆ဝ ဦးထပ်တောင်းတယ်။ ဘယ်တော့ခန့်မယ်တော့ မသိဘူးပေါ့နော်၊ တိုင်း ရင်းသားရေးရာဝန်ကြီးဌာနကို တင်ပြထားတယ်။ ဧပြီမှာ နောက်ဆုံးထားပြီးတော့ TA လျှောက်ထားပြီးသား” ဟု ဇူလိုင် ၄ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
လိပ်သို ဒေသတွင် ကျောင်းသား မိဘအများစုက ကရင်စာသင်ရန် လိုလိုလားလားရှိကာ အခက်အခဲအနေဖြင့် ကရင်စာသင်ဆရာ၊ ဆရာမများ ပုံမှန်ထောက်ပံ့ကြေးမရခြင်း၊ ဆရာကိုင်သင်ရိုးနှင့် ကျောင်းသားကိုင် ပုံနှိပ်စာ အုပ်များ အလုံအလောက်မရှိခြင်းကြောင့် ကိုယ်တိုင် မိတ္တူကူးသင်ကြားနေပြီး ကျောင်းများတွင်လည်း ဆရာမ လုံလောက်ခြင်း၊ ကျောင်းဆောင်မလုံလောက်ခြင်းများ ကြုံတွေ့နေရသည်ဟု လိပ်သိုဒေသ၊ မိုင်းလွန်အောက် အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီး စောဗီတိုရီနိုက ကေအိုင်စီသို့ ပြောသည်။
“ကျောင်းမှာ ဂယ်ဘားစာသင် ဆရာမ ၁ ဦး၊ စကောစာသင် ဆရာမ ၁ ဦးရှိတယ်။ အခက်အခဲက ထောက်ပံ့ ကြေး မရတာတွေလည်းရှိတယ်။ ပုံနှိပ်စာအုပ်လည်း မရှိဘူး။ သံတောင်ကြီး စာယဉ်ကနေ မိတ္တူကူး သင်နေ တယ်။ မိဘတွေက သင်စေချင်ကြတယ်။ နောက် ကျောင်းသား ၁၆ဝ ကျော်ရှိတယ်၊ ကျောင်းဆောင်က သုံး ဆောင်ပဲ ရှိတယ်။ တစ်ဆောင်ကို ၃ဝ ပဲဆန့်တယ်။ အလယ်တန်းပြ ၃ ဦးနဲ့ မူလတန်းပြ ၄ ဦးရှိတယ်။ ဆရာ လည်း မလုံလောက်ဘူး” ဟု ကျောင်းအုပ်ဆရာကြီး စောဗီတိုရီနိုက ပြောသည်။
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်သည် ကရင်မျိုးနွယ်စုများ အများစု နေထိုင်သည့် မြို့နယ်တစ်ခု ဖြစ်သလို အခြေခံပညာကျောင်းများတွင် စကော၊ ဘွဲ၊ ဂယ်ဘား ကရင်စာများသင်ကြားပေးနေပြီး တစ်မြို့နယ်လုံးတွင် စကောကရင်စာသင်ကျောင်းသူကျောင်းသား ၃,၉၉၆ ဦးနှင့် ဘွဲစာသင်ကျောင်းသူကျောင်းသား ၁,၀၆၉ ဦးရှိသည်ဟု သံတောင်ကြီးမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီထံမှ သိရသည်။



















