ဇွန်လ ၈ ရက်၊ ၂ဝ၁၉ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အနေဖြင့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်မှု ရာခိုင်နှုန်း ကျဆင်းသွားကြောင်း မြို့နယ်ပညာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။
တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၁,၉၃၉ ဦးအနက် ၆၆၂ ဦးသာအောင်မြင်ပြီး ၄ ဘာသာဂုဏ်ထူးတစ်ဦးနှင့် ၃ ဘာသာ ဂုဏ်ထူး ၈ ဦးသာရရှိကာ ယခင်နှစ်ထက် အောင်မြင်မှုကျသွားကြောင်း မြို့နယ်ဒုပညာရေးမှူး ဦးစောထူးထူးက ကေအိုင်စီသို့ ယနေ့ ပြောသည်။
“မနှစ်က ၃၉.၉၉ ရာခိုင်နှုန်းအောင်တယ်။ ဒီနှစ် ၃၄.၁၄ ရာခိုင်နှုန်းနဲ့ အောင်ချက်ကျသွားတယ်။ မေးခွန်း ပုံစံအသစ်နည်းနည်း ပြောင်းသွားတော့ ကလေးတွေ မေးခွန်းသဘောတရား သိတာအားနည်းသွားတယ်။ ၂ဝ ရာခိုင်းနှုန်းအောက် အောင်ချက်ကျ တဲ့ကျောင်းတွေကို အားဖြည့်သင်ကြားပေးသွားဖို့ ဆောင်ရွက်သွားမယ်” ဟု ၎င်းက ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ကြခတ်ချောင်းအထက်တန်းကျောင်းမှ ၆၃.၉၂ ရာခိုင်းနှုန်းဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်မှု အများ ဆုံးရရှိပြီး ဝင်းရော်ဒေသရှိ ခလယ်၊ တံခွန်တိုင်၊ ထီမံထို၊ ဖားပြ၊ အနန်းကွင်းအထက်တန်းကျောင်းအများစု အောင်ချက်ရာခိုင်နှုန်း အသီးသီးကျဆင်းသွားကြောင်း ပညာရေးဌာန၏ ယနေ့ ထုတ်ပြန်သည့်စာရင်းအရ သိရသည်။
ဆယ်တန်းကျူရှင်သင် ဆရာစောဝင်းဇော်က “ကျောင်းအများစု ဒီနှစ်အောင်ချက်ကျတယ်။ သချင်္ာဘာသာရပ်မှာ မေးခွန်း အပြောင်းအလဲကြောင့် ဂုဏ်ထူးမထွက်ကြတာပါတယ်။ မေးခွန်းပုံစံသစ်နဲ့ အမှတ်ပေးစည်းမျဉ်းအချို့ကြောင့် ပါမှာပေါ့။ ထီမံထိုကျောင်းဆို ၄၈ ယောက်ဖြေတာ ၁၁ ယောက်ပဲအောင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် ကရင်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၉,၂၈၉ ဦးမှာ ၅,၃၃၇ ဦး အောင်မြင် ကာ ၂၇.၆၇ ရာခိုင်နှုန်းသာရရှိပြီး မြန်မာတစ်နိုင်ငံလုံးအနေဖြင့် မွန်ပြည်နယ်မှ ၃၇.၅၄ ရာခိုင်နှုန်းဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်မှုအများဆုံးအဖြစ် ရရှိသည်ဟု ပညာရေးဌာန၏ ယနေ့ ထုတ်ပြန်မှုစာရင်းများအရ သိရသည်။