Home သတင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဆက်သွားနိုင်‌ရေး မဟာဗျူဟာကျသည့် စုစည်းမှုကို ‌ဖော်‌ဆောင်ရန် KNU ဥက္ကဌ တိုက်တွန်း

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဆက်သွားနိုင်‌ရေး မဟာဗျူဟာကျသည့် စုစည်းမှုကို ‌ဖော်‌ဆောင်ရန် KNU ဥက္ကဌ တိုက်တွန်း

3638

‌မေလ ၁၅ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အနှစ်သာရရှိရှိ ဆက်လက်‌လျှောက်လှမ်းနိုင်ရန် မဟာဗျူဟာကျသည့် စုစည်းမှုကို ‌ဖော်‌ဆောင်ရန် လိုအပ်‌ကြောင်း ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက အပစ်ရပ် (၁၀)ဖွဲ့၏ စတုတ္ထအကြိမ်‌မြောက် ထိပ်သီးအစည်းအ‌ဝေး ဒုတိယ‌နေ့တွင် ‌ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယမန်‌နေ့ (‌မေလ ၁၄ ရက်)က စတင်ပြုလုပ်‌နေသည့် စတုတ္ထအကြိမ်‌မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူ စာချုပ်(NCA) လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်‌တော် လှန်‌ရေးအဖွဲ့အစည်း (၁၀)ဖွဲ့မှ ထိပ်သီး‌ခေါင်း‌ဆောင်းများ၏ အစည်းအ‌ဝေး ဒုတိယ‌နေ့အတွက် ‌ပြောကြားသည့် အဖွင့်မိန့်ခွန်း၌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက ယခုလို ‌ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျ‌နော်တို့ရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်နိုင်ဖို့ဆိုရင် ကျ‌နော်တို့ အားလုံး စုစည်းဖို့ လိုပါတယ်။ ကျ‌နော်တို့ စုစည်းတဲ့‌နေရာမှာလည်း စုစည်းမှုက မဟာဗျူဟာကျကျ စုစည်းမှု ဖြစ်ရပါမယ်။ ဒါမှ ကျ‌နော်တို့ အတွက် အမှန်တကယ်အ‌ထောက်အကူဖြစ်‌စေမဲ့ စုစည်းမှု ဖြစ်လာမှာဖြစ်သလို ကျ‌နော်တို့ ကြားမှာလည်း စည်း‌နှောင်အား ရှိပြီး ကျ‌နော်တို့ လိုချင်တဲ့ ပန်းတိုင်‌ရောက်ဖို့ တိကျ‌သေချာတဲ့ အ‌ထောက်အကူ‌ပေးတဲ့ ပုံစံမျိုးကိုလည်း ရှာကြံ‌ရွေးချယ်ဖို့ အ‌ရေးကြီးပါတယ်” ဟု ၎င်းက ‌ပြောကြားသည်။

ထို့အပြင် လက်ရှိပြုလုပ်‌နေသည့် ထိပ်သီးအစည်းအ‌ဝေးတွင် အဖွဲ့ကြီး အဖွဲ့ငယ်အ‌ပေါ် အ‌ခြေခံစဉ်းစားခြင်းမျိုးမဟုတ်ဘဲ အားလုံး၏ ဘုံအကျိုးကို ‌ရှေ့ရှုပြီး ဘုံ‌မျှော်မှန်းချက်အတွက် အလုပ်သ‌ဘောယုံကြည်မှု(Functional Trust )ကို အ‌ခြေခံကာ ခိုင်မာပြီး မဟာဗျူဟာကျသည့် စုစည်းမှုကို စဉ်းစားကြရန်လည်း ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေဖိုးက ဆက်လက်တိုက်တွန်းခဲ့သည်။

‌မေလ ၁၄ ရက်မှ ၁၈ ရက်‌နေ့အထိ ၅ ရက်ကြာ ကျင်းပမည့် အဆိုပါ ထိပ်သီးအစည်းအ‌ဝေးတွင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာနှင့်ပတ်သက်၍ သက်ဆိုင်ရာ အလုပ်အဖွဲ့များမှ အစီရင်ခံတင်ပြ‌ဆွေး‌နွေးခြင်း၊ စုဖွဲ့မှုများ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်း၊ နိုင်ငံ‌တော် အတိုင်ပင်ခံပုဂိ္ဂုလ်နှင့် တပ်မ‌တော် ကာကွယ်‌ရေး ဦးစီးချူပ်ထံသို့ စာ‌ရေးသား ‌ပေးပို့ခဲ့သည့် အချက် ၃ ချက်ကိစ္စ၊ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့ -PPSTအား ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ညှိနှိုင်း တိုင်ပင်ခြင်း ‌ကော်မတီအဖြစ် ‌ပြောင်းလဲမည့်ကိစ္စနှင့် တစ်ဆို့‌နေ‌သော ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ‌ရှေ့ဆက်နိုင်ရန် ကတိကဝတ်ပြုချက် လက်မှတ်‌ရေးထိုး‌ရေးကိစ္စများကို ‌ဆွေး‌နွေးသွားကြရန်ရှိသည်ဟု သိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ကစပြီး NCA အဖွဲ့ရပ်စာချုပ် လက်မှတ်‌ရေးထိုးပြီးသည့်‌နောက်ပိုင်း အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်-NLDပါတီ ဦး‌ဆောင်သည့် အစိုးရ လက်ထက်တိုင် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များကို ဆက်လက်‌ဆွေး ‌နွေးခဲ့ကြရာ အစိုးရ၊ တပ်မ‌တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သိသာထင်ရှားသည့် အ‌ပြောင်း အလဲကို မ‌ဖော်‌ဆောင်နိုင်‌သေးဘဲ တစ်ဆို့မှုများကို ကြုံ‌တွေ့ခဲ့ရပြီး တရားဝင် ‌ဆွေး‌နွေးပွဲများကိုလည်း ယာယီရပ်ဆိုင်းထားရ သည့် အ‌ခြေအ‌နေသို့ ‌ရောက်ရှိခဲ့သည်။

ထိုသို့ တစ်ဆို့မှုဖြစ်‌ပေါ်‌နေသည့်ကာလအတွင်း ငြိမ်းချမ်း‌ရေး ဖြစ်စဉ်ကို ဆက်လက်သွားနိုင်ရန်အတွက် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား တရားဝင်‌တွေ့ဆုံမှုနှင့် အလွတ်သ‌ဘော‌တွေ့ဆုံမှုများဖြင့် ‌ရှေ့ဆက်သွားကြမည်ဟူ‌သော အမြင်မတူသည့် သ‌ဘောထားကွဲလွဲမှုများလည်း ဖြစ်‌ပေါ်မှုရှိခဲ့သည်ဟု ‌ဝေဖန်သုံး သပ်သူများက ဆိုသည်။

အလားတူ အစည်းအ‌ဝေး၏ ပထမ‌နေ့အတွက် PPST၏ ယာယီအဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်မှ အဖွင့်မိန့်ခွန်းကို ‌ပြောဆိုရာတွင် NCA လက်မှတ်‌ရေးထိုးခဲ့သည့် သုံးနှစ်‌ကျော်ကာလအတွင်း ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ (၄) ကြိမ် (သို့မဟုတ်)၂၁ ရာစုပင်လုံ (၃) ကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့‌သော်လည်း ထင်သာမြင်သာသည့် တိုးတက်မှုများမရရှိခဲ့ ‌ကြောင်း၊ ထိုသို့ ‌အောင်မြင်မှုမရရှိ‌သေးခြင်းသည် အစုအဖွဲ့အားလုံးက သူ့မူကိုယ့်မူကို မ‌လျှော့တမ်း ဆုပ်ကိုင်ထားခြင်း ‌ကြောင့်လည်းဖြစ်သည်ဟု ထည့်သွင်း‌ပြောဆိုခဲ့သည်။

ထို့အပြင် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ တစ်ဖက်‌ဆွေး‌နွေးဖက်၏ အာရုံသည်‌ရွေး‌ကောက်ပွဲကိစ္စအ တွက်သာ ‌ရောက်ရှိ‌နေပြီး ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်မှာ ဒုတိယ‌နေရာတွင် ရှိ‌နေ‌သော‌ကြောင့် ၂၀၂ဝ မတိုင်မီနှင့် ၂၀၂ဝ အလွန် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အား ဖြစ်သင့်သည့်အ‌နေအထားကို ကြိုတင်‌ဆွေး‌နွေးပြီး သ‌ဘောတူညီချက် ရယူထားရန် လိုအပ်‌ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က တိုက်တွန်း‌ပြော ဆိုထားသည်။

၅ ရက်တာ ပြုလုပ်မည့် NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်းများ၏ စတုတ္ထ အကြိမ်‌မြောက် ထိပ်သီးအစည်းအ‌ဝေးသို့ ကရင်အမျိုးသားအစည်းအရုုံး-KNU ၊ ချင်းအမျိုးသားတပ်ဦး-CNF၊ မြန်မာနိုုင်ငံလုုံးဆိုုင်ရာ ‌ကျောင်းသားများ ဒီမိုုကရက်တစ်တပ်ဦး-ABSDF ၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ-KNU/KNLA-PC ၊ ပအိုုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်-PNLO၊ ရခိုုင်ပြည်လွတ်‌မြောက်‌ရေးပါတီ-ALP ၊ သျှမ်းပြည် ပြန်လည်ထူ ‌ထောင်‌ရေး‌ကောင်စီ-RCSS ၊ ဒီမိုုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော်-DKBA ၊ မွန်ပြည်သစ်ပါတီ-NMSPနှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး-LDU မှ ကိုယ်စားလှယ် စုစု‌ပေါင်း ၈ဝ ‌ကျော် ပါဝင်တက်‌ရောက်‌နေကြသည်။ NCA လက်မှတ်မ‌ရေးထိုးရ‌သေးသည့် ကချင်လွတ်လပ်‌ရေးအဖွဲ့-KIO နှင့် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ- KNPP တို့မှ ‌ခေါင်း‌ဆောင်တချို့လည်း ‌လေ့လာသူများအဖြစ် တက်‌ရောက်‌နေကြသည်။