ဇန်နဝါရီ ၂၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ စောမြတ်ဦးသာ
တလာခုံးဘာသာဝင် ကရင်လူမျိုးတို့၏ ၃၉ ကြိမ်မြောက် မီးပုံပွဲတော်ကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ အုန်းနှစ်ပင်ရွာရှိ လှိုင်သကွင်း၌ ဇန်နဝါရီ ၂ဝ ရက်နေ့တွင် ကျင်းပပြုလုပ်ပြီးစီးသွားပြီး ဖြစ်သည်။
အဆိုပါ ပွဲတော်တွင် ၇ ရက်သားသမီးများတို့၏ ဘေးအန္တရာယ်နှင့် အနာရောဂါကင်းဝေးစေရန် မိမိတို့၏နေ့နံအရ သစ်၊ ဝါး ပင်များဖြင့် သက်စေ့အရေအတွက်အပေါ်ပြုလုပ်လေ့ပြီး မီးပုံတိုင်နှင့်အတူ မီးရှို့ဆုတောင်းခြင်းနှင့် ရိုးရာအစဉ်အလာ ထိန်းသိမ်းသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ပွဲကျင်းပရေးတာဝန်ရှိသူ စောအဲ့ဒိုက ပြောသည်။
အုန်းနှစ်ပင်ရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ စောအဲဒို့က “ မိဘဖိုးဖွားတွေ ထားခဲ့တဲ့ရိုးရာအစဉ်အလာတွေကို ပြန်ပြီးထိန်းသိမ်း တာပေါ့နော်။ ၇ ရက်သားသမီးတွေ အနာရောဂါကင်းဝေးအောင် ဒီမီးပုံပွဲကနေတစ်ဆင့် ရည်စူးပြုလုပ်တာပေါ့။ ၃၉ ကြိမ် မြောက်ရှိသွားပြီး။ ရိုးရာတွေကို မပျောက်စေချင်ဘူး။ ထိန်းသိမ်းဖို့ အားလုံးမှာ တာဝန်ရှိတယ်” ဟု ဇန်နဝါရီလ ၂၁ ရက်နေ့က ကေအိုင်စီသို့ ပြောသည်။
ပွဲတော် ဇန်နဝါရီ ၁၉ ရက်ညတွင် ကရင်ရိုးရာဒုံးအကအဖွဲ့များဖြင့် လာရောက်ဖျော်ဖြေကြသလို ၂ဝ ရက်နေ့ မနက် ၄ နာရီ အချိန်တွင် မီးပုံတိုင်ကို မီးရှို့ပူဇော်မှုပြုလုပ်ခဲ့သည်။
မီးပုံပွဲတော်တက်ရောက်လာသူ ဝင်းရော်ဒေသမှ စောယောင်ထော့က “ ယုံကြည်မှုအရ ဒီပွဲကို နှစ်တိုင်းလာဖြစ်တယ်။ လာရောက်သူ အရင်နှစ်ထက် ပိုများတယ်။ မီးပုံတိုင်မှာ ထန်းလျက်တော့ သူတို့လက်မခံဘူး။ အင်ပင်တို့၊ အခြား အပင် တွေလည်းအများကြီးပုံထားတာ တွေ့တယ်။ မှန်တွေ၊ ကရင်လွယ်အိတ်တွေ၊ အပ်ချည်တွေ၊ တွဲချိတ်ထားတာ မြင်ရတယ်။ သူတို့တွေက သစ္စာသမာဓိနဲ့ သက်သတ်လွတ်စားကြတဲ့လူတွေဆိုတော့ သူတို့ရဲ့ရိုးရာယုံကြည်မှုကို ယုံပါတယ်” ဟု ပြောသည်။
တလာခုံးသာဝင် ကရင်လူမျိုးတို့၏ ရိုးရာမီးပုံပွဲကို ကျုံဒိုးမြို့တွင် ဗဟိုထားကာ မြန်မာသက္ကရာဇ် ၁၁၈၈ ခုနှစ်တွင် စတင်ကျင်းပခဲ့ ကြောင်း ဘာသာဝင်များထံမှ သိရသည်။



















