Home သတင်း တရားဝင်‌ဆွေး‌နွေးပွဲတွင်း ပါဝင်မှုရပ်ဆိုင်းထားခြင်းသည် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို တည့်မတ်ရန်ဖြစ်သည်ဟု KNU ‌ပြော

တရားဝင်‌ဆွေး‌နွေးပွဲတွင်း ပါဝင်မှုရပ်ဆိုင်းထားခြင်းသည် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို တည့်မတ်ရန်ဖြစ်သည်ဟု KNU ‌ပြော

2588

ဇန်နဝါရီ ၄ ရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

တရားဝင် အစည်းအ‌ဝေးပွဲများတွင် ပါဝင်မှု‌ခေတ္တရပ်ဆိုင်းထားမှုသည် တိမ်း‌စောင်း‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ပြန်လည်တည့်မတ်ရန်ဖြစ်သည်ဟု ကရင်နှစ်၂၇၅၈ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့သို့ ‌ပေးပို့‌သော ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သဝဏ်လွှာတွင် ထည့်သွင်း‌ပြောဆိုထားသည်။

“လက်ရှိငြိမ်းချမ်း‌ရေးဖြစ်စဉ်၏ တရားဝင်အစည်းအ‌ဝေးပွဲများတွင် ပါဝင်မှု‌ခေတ္တရပ်ဆိုင်းထားပြီး အလွတ်သ‌ဘော‌ဆွေး‌နွေး ပွဲများမှတစ်ဆင့် နှစ်ဘက်ကွာဟမှုများကို ဆက်လက်အ‌ဖြေရှာရသည့် ရည်ရွယ်ချက်မှာ လက်ရှိသွား‌နေသည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်လားရာသည် ကရင်တစ်မျိုးသားလုံး‌မျှော်မှန်းထားသည့် NCAအရ သ‌ဘောတူညီထားကြသည့် တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အပြည့်အဝရှိ‌သော ဒီမိုက‌ရေစီဖက်ဒရယ် ပြည်‌ထောင်စု ထူ‌ထောင်နိုင်‌ရေးဆိုင်ရာ လမ်း‌ကြောင်းမှလွဲ ဖယ်ပြီး တိမ်း‌စောင်းသွား‌နေသည့် အ‌နေအထားမျိုးသို့ ‌ရောက်ရှိ‌နေသည်ဖြစ်ရာ ပြန်လည်တည့်မတ်လို‌သော‌ကြောင့်ဖြစ် သည်”ဟု ‌ဖော်ပြထားသည်။

‌ကေအဲန်ယူသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်မှ ၁ဝရက်‌နေ့အထိ ဖားအံခရိုင်၊ ‌လော်ခီးလာ(‌လေးဝါး)၌ ပြုလုပ်သည့် ၎င်းတို့၏ (၆) ကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်မတီ အ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် တရားဝင်အစည်းအ‌ဝေး များတက်‌ရောက်ခြင်းကို ယာယီရပ်ဆိုင်းထားပြီး အလွတ်သ‌ဘော ‌ဆွေး‌နွေးခြင်းဖြင့် တစ်ဆို့‌နေသည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို အ‌ဖြေရှာသွားမည်ဟု သ‌ဘောထားရပ်တည်ချက်ထုတ်ပြန်ထားသည်။

ထို့အပြင် ‌ကေအဲန်ယူအ‌နေဖြင့် ငြိမ်းချမ်း‌ရေးဆိုင်ရာ တရားဝင်‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများတွင် ပါဝင်မှုကို ရပ်စဲထားခြင်းနှင့် အတူ တပ်မ‌တော်ဘက်မှလည်း ငြိမ်းချမ်း‌ရေးဆိုင်ရာ ‌ဆွေး‌နွေးညှိနှိုင်းနိုင်ရန်အတွက် (၄)လတာ စစ်‌ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်စဲထားမည်ဟု ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်‌နေ့က ‌ကြေညာချက်သ‌ဘောထားထုတ်ပြန်ထားသည်။

ထိုသို့တပ်မ‌တော်ဘက်မှ ‌ကြေညာချက်ထုတ်ပြန်ထား‌သော်လည်း လက်ရှိတွင် ရခိုင်ပြည်နယ်တွင် ရက္ခိုင်တပ်မ‌တော်(AA) နှင့်တပ်မ‌တော်တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ပြင်းထန်လျက်ရှိပြီး ‌ဒေသခံ ရွာသားများ ‌ထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်‌ပြေး‌နေရသည်ဟု ‌ဒေသတွင်း သတင်းမီဒီယာများက အကျယ်တဝင့် ‌ဖော်ပြကြသည်။

‌ကေအဲန်ယူမှ ‌ပေးပို့‌သော ကရင်နှစ်သစ်ကူး‌နေ့ သဝဏ်လွှာတွင် ပြည်တွင်း၊ ပြည်ပ၊ နယ်စပ်‌ဒေသအသီးသီးရှိ အလွှာစုံ ‌သော ကရင်လူထုများ၊ ကရင်လူ့အဖွဲ့အစည်းများ၊ ကရင်လက်နက်ကိုင် အင်အားစုများအ‌နေဖြင့် လက်ရှိ နိုင်ငံ‌ရေးအခင်းအ ကျင်းအရ ကရင့်အမျိုးသားအကျိုးစီးပွားအတွက် တိုက်ပွဲဝင်‌နေ‌သော ‌ကေအဲန်ယူအား မဏ္ဍိုင်ထားပြီး ညှိနှိုင်းလုပ်‌ဆောင် ပူး‌ပေါင်းပါဝင်ကြရန်နှင့် ဖြစ်တည်လာသည့် နိုင်ငံ‌ရေးအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး မိမိတို့၏ ရည်မှန်းချက် အ ‌ကောင်အထည်‌ပေါ်လာရန် စည်းစည်းလုံးလုံး ပူး‌ပေါင်းပါဝင်ရန်လည်း တိုက်တွန်းထားသည်။

ဇန်နဝါရီလ ၆ ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်နှစ် ၂၇၅၈ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ပွဲ‌တော်ကို ပြည်တွင်း ပြည်ပ၊ နယ်စပ်နှင့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ရာ နယ်‌မြေအသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ကျင်းပပြုလုပ် ရန် ပြင်ဆင်‌နေကြပြီး အလားတူ ကရင်လူငယ်အစည်းအရုံး-KYOနှင့် ကရင်အမျိုးသမီးအစည်းအရုံး (KWO)တို့လည်း ကရင်နှစ်သစ်ကူး‌နေ့အတွက် သဝဏ်လွှာအသီးသီး ‌ပေးပို့ခဲ့ကြသည်။