Home သတင်း ငြိမ်းချမ်း‌ရေးအတွက် ပူး‌ပေါင်းပါဝင်ကြရန် ပြည်နယ်အရပ်ဖက်အဖွဲ့များကို ဝန်ကြီးချုပ် တိုက်တွန်း

ငြိမ်းချမ်း‌ရေးအတွက် ပူး‌ပေါင်းပါဝင်ကြရန် ပြည်နယ်အရပ်ဖက်အဖွဲ့များကို ဝန်ကြီးချုပ် တိုက်တွန်း

2836

ဒီဇင်ဘာ ၁၉ရက်၊ ၂၀၁၈ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ်များတွင် ပူး‌ပေါင်းပါဝင်ရန်နှင့် ကျရာအခန်းကဏ္ဍများတွင် တာဝန်‌ကျေစွာ ဆက်လက် လုပ်‌ဆောင်သွားကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများကို ယ‌နေ့ တိုက်တွန်း‌ပြောဆိုလိုက်သည်။

အ‌ကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ပြည်‌ထောင်စုအဆင့် အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်း‌ရေး ဖိုရမ်သို့ မူဝါဒအကြံပြုစာတမ်းများ တင်သွင်းနိုင်ရန်အတွက် ယ‌နေ့(ဒီဇင်ဘာလ ၁၉ရက်)တွင် ‌တော်ဝင်ရတနာဟိုတယ်၌ ပြုလုပ် သည့် ကရင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများဖိုရမ်တွင် ဝန်ကြီးချုပ်က ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်က “ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ဒီငြိမ်းချမ်း‌ရေးမှာ ငါနဲ့မဆိုင်ဘူးလို့ ဘယ်သူမှ လက်ခံလို့မရပါဘူး။ အားလုံးနဲ့ဆိုင်တဲ့ ကိစ္စတစ်ခုပါ။ သူ့ကဏ္ဍ သူ့အခန်းလိုက်ရှိတယ်။ ကျမတို့ဟာ ကိုယ့်ကဏ္ဍနဲ့ကိုယ် တာဝန်‌ကျေရင်ပြီးတာပဲ။ ‌တွေ့တဲ့လူတိုင်းက ‌ပြောတယ်။ ငြိမ်းချမ်း‌ရေးဟာ ရပ်တန့်ပြီလားတဲ့။ ညီတူညီမျှဖို့ ‌ဆောင်ရွက်‌နေတာဖြစ်တဲ့အတွက် မလိုအပ်‌သေးတဲ့ အခန်းကဏ္ဍ ကို ချန်ထားပြီး အခုလိုပဲ ကျမတို့ လူမှုအဖွဲ့အစည်းဘက်က ကိုယ့်လုပ်ရမယ့်ကဏ္ဍကို ကိုယ့်ဟာကိုယ် စဉ်ဆက်မပြတ် လုပ်သွား ရင် ဟိုကဏ္ဍ‌တွေက ‌နောက်ကျန်ခဲ့‌ပေမယ့်လည်း ကိုယ့်ဘက်က လုပ်ပြီးပြီးဆိုတာမျိုးဖြစ်‌စေချင်တယ်။”ဟု အဆိုပါဖိုရမ်တွင် ‌ပြောဆိုခဲ့သည်။

ယ‌နေ့ စတင်ကျင်းပသည့် အဆိုပါဖိုရမ်တွင် ကရင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများအ‌နေဖြင့် မြို့နယ်၊ ခရိုင်အဆင့်ဆင့်ရှိ လူထုအသံများကို အ‌ခြေခံကာ ပြုစုထားသည့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် သဘာဝ‌ဘေးအန္တရာယ် ကာကွယ်ခြင်း ဆိုင်ရာ မူဝါဒ၊ ဖယ်ဒရယ်စနစ်ဆိုင်ရာ စီးပွား‌ရေးနှင့် ဘဏ္ဍာ‌ရေးစနစ်ဆိုင်ရာ မူဝါဒ စသည့် မူဝါဒအကြုံပြုချက် စာတမ်း၂ခုကို အဓိက ‌ဆွေး‌နွေးအတည်ပြုသွားကြမည်ဖြစ်သည်။

ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများအ‌နေဖြင့် ပြီးခဲ့သည့် ၂၀၁၂ အပစ်အခတ်ရပ်စဲ‌ရေး ‌နောက်ပိုင်း ငြိမ်းချမ်း‌ရေး ‌ဖော် ‌ဆောင်မှုနှင့် သက်ဆိုင်သည့်ကဏ္ဍများ အပါအဝင် ကျန်းမာ‌ရေး၊ စီးပွား‌ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး၊ မူးယစ်‌ဆေးဝါး၊ အမျိုးသမီးများအ‌ရေး၊ လယ်ယာ‌မြေအ‌ရေး၊ အသိပညာ‌ပေး‌ရေး စသည့်ကဏ္ဍများတွင် ပိုမို လုပ်‌ဆောင်လာနိုင်ခဲ့ကြသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း အရပ်ဖက်အဖွဲ့အစည်း‌ပေါင်း ၁၃ဝ ဝန်းကျင်ခန့်ရှိပြီး အဆိုပါကိစ္စရပ်များကို ပိုမို လုပ်‌ဆောင်လာ နိုင်သည်နှင့်အမျှ အချို့‌သော သဘာဝပတ်ဝန်းကျင်၊ စီမံကိန်းနှင့် လယ်ယာ‌မြေအ‌ရေး ကိစ္စများတွင် ပြည်နယ်အစိုးရနှင့် အရပ် ဖက်အဖွဲ့အစည်းတို့ ထိပ်တိုက်‌တွေ့မှုအချို့ ဖြစ်‌ပေါ်ခဲ့သလို နှစ်ဖက် အပြန်အလှန် စွပ်စွဲ‌ပြောဆိုမှုများလည်း ရှိခဲ့သည်။

သို့‌သော်လည်း ကရင်ပြည်နယ်ဝန်ကြီးချုပ်အ‌နေဖြင့် ယ‌နေ့ပြုလုပ်သည့် အရပ်ဖက် အဖွဲ့အစည်းများ ဖိုရမ်တွင် ငြိမ်းချမ်း‌ရေးအ တွက် အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်‌ပေးမှုနှင့် ပတ်သက်သည့် တိုက်တွန်း‌ပြောဆိုမှုများရှိလာသည့်အ‌ပေါ် ကရင်ပြည်နယ် အရပ်ဖက်အဖွဲ့များကွန်ယက်(KSCN)၏ ဦး‌ဆောင်‌ကော်မတီဝင် ‌စော‌ကျော်စွာက ယခုလို သုံးသပ်‌ပြောဆိုသည်။

“အရပ်ဖက်လူမှုအဖွဲ့လုပ်တဲ့ လုပ်ငန်းအ‌ပေါ်မှာ အစိုးရရဲ့လုပ်ငန်း ထိခိုက်မှုမရှိဘဲနဲ့ ငြိမ်းချမ်း‌ရေး တည်‌ဆောက်တဲ့လုပ်ငန်းမျိုး ရှိလို့ရှိရင် သူတို့နဲ့ ‌လေ့လာတိုင်ပင်ပြီး‌တော့မှ ခွင့်ပြုသင့်ရင်ခွင့်ပြု‌ပေးမယ်။ ဒါမှမဟုတ်ရင်လည်း တစ်ချို့ဟာက‌တော့ လှည့်ပြီး လုပ်တဲ့အခါကျ‌တော့ ဝန်ကြီးချုပ်က သ‌ဘောမကျဘူးလို့ ‌ပြောပြတယ်။ ‌နောက်‌နောင် ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး‌တော့မှ သူ့နဲ့ တကယ်ပဲ အပြုသ‌ဘော‌ဆောင်တဲ့ ‌ဆွေး‌နွေးချက်နဲ့ ဆက်လက်‌ဆွေး‌နွေးရင်‌တော့ တကယ် အလားအလာ‌ကောင်းမယ်လို့ ကျ‌နော်ယူဆပါတယ်။”ဟု ‌စော‌ကျော်စွာက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း‌ပေါင်း ၉၀‌ကျော်ပါဝင်သည့် အဆိုပါဖိုရမ်ကို ဒီဇင်ဘာ ၁၉ရက်‌နေ့မှ ၂၁ရက်‌နေ့အထိ သုံးရက် ကျင်းပသွားမည်ဖြစ်ပြီး မူဝါဒ အကြံပြုချက်စာတမ်းများ ‌ဆွေး‌နွေးခြင်းအပြင် လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်၌ အရပ်ဖက်အ ဖွဲ့များ၏ ပါဝင်မှုအခန်းကဏ္ဍနှင့် ဆက်ပါဝင်နိုင်မည့် အ‌ခြေအ‌နေများကိုပါ ‌ဆွေး‌နွေးအတည်ပြုသွားမည်ဖြစ်‌ကြောင်း သိရသည်။