ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၈ခုနှစ်။ နန်းဝေဖြိုးဇာ
တောင်များကို ထိန်းသိမ်းစောင့်ရှောက်သည့်ရည်ရွယ်ချက်ဖြင့် ဒီဇင်ဘာ ၁၁ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာတောင်များနေ့ကို ဖားအံမြို့နယ် မရင်းကုန်းကျေးရွာတွင် သံလွင်အနောက်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၂ရွာက စုပေါင်းကျင်းပခဲ့ကြသည်။
တောင်များနေ့ ကျင်းပရခြင်းနှင့်ပတ်သက်၍ ဦးဆောင်ကူညီကျင်းပပေးသူ အစိမ်းရောင်ကွန်ယက် အဖွဲ့မှ အရှင် ဦးဝိရိယက“ဒီဇင်ဘာ ၁၁ရက်နေ့ဟာ နှစ်တိုင်းကမ္ဘာပေါ်မှာ တောင်များနေ့ ကျင်းပတဲ့အလုပ်တစ်ခုကို ဦးဇင်းတို့ ဌာနေတိုင်းရင်းသားတွေက ဒီတောင်ကိုမှီပြီး အသက်မွေးဝမ်းကျောင်းလုပ်တယ်၊ သို့သော် သူတို့အသိမှတ်ပြုတာတို့ သိပ်မတွေ့ရဘူး။ ဒါကို ပုံဖော်ပြီးတော့ ကျင်းပတာဖြစ်တယ်။ နောက်တစ်ခုက ဦးဇင်းတို့တောင်တွေက ထုံးကျောက်တောင်တွေဖြစ်တော့ ယူချင်တဲ့ လူတွေကများတယ်။ ဦးဇင်းတို့က ထိန်းသိမ်းကာကွယ်ဖို့ အဲဒီသဘောနဲ့ လုပ်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ မိန့်ကြားသည်။
ယမန်နေ့က ကျင်းပသည့် အဆိုပါ တောင်များနေ့တွင် သဘာဝပတ်ဝန်းကျင်အကြောင်း ဟောပြောခြင်း၊ ကျောင်းသားလူငယ်များမှ တောင်များချစ်မြတ်နိုးတတ်လာစေရန် တောင်များကိုပုံဖော်သည့် ပန်းချီပြိုင်ပွဲ များကျင်းပခြင်း၊ တောင်ကိုအမှီပြုသည့် ဌာနေတိုင်းရင်းသားများ၏ အသုံးအဆောင်ပစ္စည်းများခင်း ကျင်းပြသသည့်အပြင် ဖျော်ဖြေပွဲများလည်း ကျင်းပပြုလုပ်ခဲ့ကြသည်။

“ကျနော်တို့ အနီးနားတောင်မှာ အရင်က ဘိလပ်မြေ လာလုပ်ဖို့ ကုမ္ပဏီတွေလာပြောတာရှိတယ်။ ကျနော်တို့ ဒေသခံတွေက မပေးချင်ဘူး၊ ပြီးတော့ ဒီတောင်ကို ဒီအတိုင်းထိန်းသိမ်းချင်လို့ တောင်ခြေမှာ ကျနော်တို့ တောင် သူလယ်ယာခြံရှိတယ်။ ကျနော်တို့ဒေသမှာ တောင်ရှိလို့ တောင်နဲ့ အသက်ရှင်ရတယ်။ ဒီလိုနေ့မျိုးလုပ်တော့ မျိုး ဆက်သစ်ကလေးအတွက် တောင်ကို ထိန်းသိမ်းရမယ်ဆိုတာ သူတို့အသိထဲမှာ သိသွားတာပေါ့”ဟု မရင်းကုန်း ရွာသား စောထွန်းထွန်းက ပြောသည်။
တောင်ကုန်းတောင်တန်း သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းရန်ရည်ရွယ်ချက်ဖြင့် ၂၀၀၃ ခုနှစ်တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေအစည်းအဝေးကြီး၌ ဒီဇင်ဘာလ ၁၁ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာတောင်များနေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
မရင်းကုန်းရွာသည် ကရင်ပြည်နယ်အတွင်း အပြည်ပြည်ဆိုင်ရာ တောင်များနေ့ကို ပထမဆုံးသော ကျင်းပသည့် နေရာဖြစ်ပြီး ယင်းနေ့ အခမ်းအနားကို ၂၀၁၄ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပလာရာ ယခုနှစ်တွင် ၅ ကြိမ်မြောက်ဖြစ်သည်။



















