နိုဝင်ဘာ ၁၈ ရက်၊ ၂ဝ၁၈ ခုနှစ်။ စောသိန်းမြင့်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာ ချုပ်(NCA)လမ်းကြောင်းအတိုင်းဆက်သွားမည်ဖြစ်ပြီး ယင်းသို့ ဆက်သွားရာတွင် မှန်ကန်ပြီး တရားမျှတ သည့် လမ်းကြောင်းဖြစ်ပေါ်လာအောင် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု KNU အတွင်းရေးမှူးချုပ် ဖြစ်သူ ပဒိုစောတာဒိုမူးက ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယမန်နေ့(နိုဝင်ဘာ ၁၇ရက်)က ပြုလုပ်သည့် KNU နှင့် ငြိမ်းချမ်းရေးကော် မရှင်(PC)တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပဒိုစောတာဒိုမူးက ထိုသို့ပြောဆိုလိုက် ခြင်းဖြစ်သည်။
“NCA လမ်းကြောင်းက NCA ထိုးထားတဲ့ KNU အတွက်ကတော့ အသင့်တော်ဆုံးလမ်းကြောင်း တစ်ခုဖြစ်ပြီး တော့ ဒီအခြေခံကနေ တစ်စိုက်မတ်မတ် ဆက်သွားမယ်။ ဒါပေမယ့် ဆက်သွားတဲ့နေရာမှာ NCA လမ်း ကြောင်းသည် မှန်ကန်ပြီးတော့ တရားမျှတတဲ့လမ်းကြောင်းဖြစ်အောင်တော့ ကျနော်တို့ကြိုးစားသွားမယ်”ဟု သတင်းထောက်များအား ပြောဆိုသည်။
၎င်းအပြင် နိုင်ငံရေးပြဿနာကို အဖြေရှာသည့်နေရာတွင် ဖြစ်စဉ်များမှာ မှန်ကန်မှုနှင့် တရားမျှတမှုများ ရှိရမှာဖြစ်သလို ဆွေးနွေးမှု အကြောင်းအရာတိုင်းမှာလည်း အားလုံးကြားတွင် ဘုံဆန်သည့် မူသဘောထားများ ချမှတ်နိုင်ရေးသည် အလွန်အရေးကြီးသည့်အတွက်ကြောင့် ကြိုးစားပြီး ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပဒိုစောတာဒိုမူးက ဆက်ပြောသည်။
ယမန်နေ့ တွေ့ဆုံပွဲတွင် KNU ဘက်က ပဒိုစောတာဒိုမူး ဦးဆောင်ပြီး ညောင်လေးပင်ခရိုင် ဥက္ကဌ ပဒိုစောဆဲဂေ၊ ဗိုလ်မှူးစော ထူးထူးလေးတို့ တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးကော်မရှင်-PCဘက်တွင် အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး ဦးဆောင်ကာ အဖွဲ့ဝင် ဦးအောင်စိုး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးတို့အပါအဝင် PC အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးကျော်လင်းဦးတို့ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တစ်ဆို့နေသည့် အကြောင်းအရာများကို ဆွေးနွေးကြပြီး ရှေ့ဆက်သွားမည့် ဆွေးနွေးပွဲအတွက် များစွာအထောက်အကူဖြစ်သလို တရားဝင်ဆွေး နွေးပွဲများကိုလည်း အမြန်ဆုံးပြန်လည်စတင်နိုင်ရန် နှစ်ဘက်သော ကိုယ်စားလှယ်များက သဘောထားရှိ သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ပြောကြားသည်။
“နံပါတ် (၁) ကျနော်တို့ NCA ကို တန်ဘိုးထားတယ်။ ဒီက ဖြစ်လာတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို နှစ်ဦး နှစ်ဖက် တန်ဘိုးထားတယ်။ ဒီဟာကတော့ မပျောက်ပျက်ချင်ဘူး။ ဒီဟာကိုပဲ ခိုုင်လုံအောင် ဆက်လုပ်မယ် ဆိုတဲ့သဘောထား နှစ်ဖက်လုံးမှာ ပေါ်လွင်တယ်။ နံပါတ် (၂)အချက်က သူ့ဘက်ကိုယ့်ဘက် သက်ဆိုင်ရာ ခေါင်းဆောင်တွေကို ဆွေးနွေးမှုအခြေအနေတွေကို ပြန်ပြီးတော့ တင်ပြမယ်။ ပြီးရင် ကျနော်တို့ အမြန်ဆုံး တွေ့သွားမယ်။ နံပါတ် (၃) အချက်က ခဏလေး ရပ်ဆိုင်းထားရာကနေ ပုံမှန် ယန္တရားကို ပြန်သွားနိုင်ဖို့ ကျန်တဲ့အဖွဲ့တွေနဲ့သွားဖို့ကို ကျနော်တို့က အမြန်ဆုံး ကြိုးပမ်းသွားမယ်”ဟု ဦးဇော်ဌေးက ပြောသည်။
ယခုလ နိုဝင်ဘာလ ၆ ရက်မှ ၁ဝရက်နေ့အထိ ပြုလုပ်သည့် KNU ၏ ၆ကြိမ်မြောက် ဗဟိုအမြဲတမ်း ကော်မတီ အရေးပေါ်အစည်းအဝေးတွင် တရားဝင် အစည်းအဝေးများတက်ရောက်ခြင်းကို ယာယီရပ် ဆိုင်းထားပြီး အလွတ်သဘော ဆွေးနွေးခြင်းဖြင့် တစ်ဆို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဖြေရှာသွားရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခု အလွတ်သဘော ဆွေးနွေးပွဲကို ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးကော်မရှင်(PC)သည် KNU အဖွဲ့အပြင် နိုဝင်ဘာလ ၁၆ ရက်နေ့က ဗိုလ်ချုပ်ကြီး ယွက် စစ်ဦးဆောင်သည့် (သျှမ်း)ပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)အဖွဲ့၊ နိုဝင်ဘာ ၁၇ရက် နေ့ တွင် NCA အပစ်ရပ်အဖွဲ့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST၏ အကြံပေး ဦးဟန် ညောင်ဝေ၊ ပြည်ထောင်စုသိပ္ပံ PI အဖွဲ့မှ စီမံကိန်းဒါရိုက်တာ ဦးခွန်ဆိုင်းနှင့် KNU အဖွဲ့၏ အကြံပေး ပုဂ္ဂိုလ် ဗိုလ်မှူး စောထူးထူးလေးတို့နှင့် အလွတ်သဘောတွေ့ဆုံခဲ့သလို ယနေ့ (နိုဝင်ဘာလ ၁၈ရက်) တွင်လည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ -KNPP ဒုဥက္ကဌ ခူးဦးရယ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့နှင့်လည်း အလွတ်သဘောတွေ့ဆုံခဲ့ကြသည်။