အောက်တိုဘာ ၁၉ရက်၊ ၂၀၁၈ခုနှစ်။ စောထွန်းလင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ယနေ့ ပြုလုပ်သည့် ရန်ကုန်တိုင်းစာ/ယဉ် ကော်မတီဝင်များ အစည်းအဝေးတွင် လတ်တလော ဝေဖန်မှုမျိုးစုံ ဖြစ်နေသည့် ဧရာဝတီတိုင်းဒေသကြီး၌ နိုင်ငံတော်အဆင့် ကျင်းပမည့် ကောက် သစ်စားပွဲတော်နှင့် ပတ်သက်၍ မတူညီသည့်သဘောထားများ ရှိနေကြောင်း ပါဝင်ဆွေးနွေးကြသူများထံမှ သိရသည်။
ကရင်နှစ်သစ်ကူးနေ့သည် ကောက်သစ်စားပွဲတော်များကို အခြေခံကာ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ပြုလုပ်မည့် နိုင်ငံတော်အဆင့် ကောက်သစ်စားပွဲတော်နှင့် ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော်တို့ကို တစ်နေ့တည်းသာ ကျင်းပ သင့်သည်ဟု ရန်ကုန်တိုင်းစာ/ယဉ်ကော်မတီ အတွင်းရေးမှူး(၁)ဖြစ်သူ မန်းသန်းဝင်းဦးက ကေအိုင်စီသို့ ပြောသည်။
“ခွဲလုပ်လိုက်တဲ့အခါမှာ ကျနော်တို့ ကရင်လူမျိုးတွေရဲ့ တန်ဖိုးထားတဲ့ အရာသုံးခုရှိတယ်။ နှစ်သစ်ကူးနေ့၊ ကရင်အမျိုးသား အလံ၊ ကရင်အမျိုးသားသီချင်း ဒီသုံးခုရဲ့တန်ဖိုး၊ ဒီလိုခွဲ လုပ်လိုက်တဲ့ဟာက နိုင်ငံတော်အဆင့် သွားလုပ်ပြီး အဲ့နေရာမှာပဲ တိုင်း အဆင့်ပဲလုပ်လုပ်၊ ဘာအဆင့်ပဲလုပ်လုပ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ရဲ့တန်ဖိုးကို ဘယ်လိုသဘောထားမလဲဆိုတဲ့ဟာ ကို တနဂင်္နွေနေ့မှာ ဆွေးနွေးမယ်”ဟု အဆိုပါအစည်းအဝေးတွင် မန်းသန်းဝင်းဦးက ပြောသည်။
၎င်းနိုင်ငံတော်အဆင့် ကောက်သစ်စားပွဲတော်ကို လာမည့် ဒီဇင်ဘာ ၂၈ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ရွာ သစ်ကြီးကျေးရွာ၌ ပြုလုပ်သွားရန် တိုင်းအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ဦးဆောင်ကာ မြို့ နယ်အသီးသီးရှိ စာပေနှင့် ယဉ်ကျေးမှုကော်မတီများပါဝင်သည့် ကျင်းပရေးကော်မတီကို အောက်တိုဘာ ၁၃ရက်နေ့တွင် ဖွဲ့စည်း ခဲ့သည်။
အလားတူ အိမ်မဲမြို့၌ပင် ဧရာဝတီတိုင်းဒေသကြီးအဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို နှစ်သစ်ကူးနေ့ ကျရောက်မည့် ဇန်နဝါရီ ၆ရက်နေ့တွင် ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့အတွက် ကောက်သစ်စားပွဲတော်သည် နှစ်သစ်ကူးပွဲတော်ထက် ပိုအလေးပေးရသည့်သဘော ရေရှည်တွင် သက်ရောက်မှုရှိသွားမည်ကို ပြည်တွင်းကရင်လူမှုအသိုင်း အဝိုင်းက စိုးရိမ်နေကြသည်။
ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ်ဇာမျိုး က ကရင်နှစ်သစ်ကူးနေ့ကို မြို့နယ်အလိုက်သာ ကျင်းပလာခဲ့ကြသည့်အတွက် ပိုမို စုစည်းမှုရှိစေရန် ကောက်သစ်စားပွဲတော်ကို သီးခြား ကျင်းပခြင်းဖြစ်ပြီး ရန်ကုန်၊ ဧရာဝတီ မခွဲခြားဘဲ သွားရောက်ကူညီရန် အဆိုပါ တိုင်းစာယဉ် အစည်းအဝေးတွင် ပြောဆို ခဲ့သည်ဟု သိရသည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟို ကော်မတီ (မဟာရန်ကုန်)အနေဖြင့် နှစ်သစ်ကူးကျင်းပရေး အခြေခံမူနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၁ရက်နေ့တွင် အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်းရှိ စိန့်ပီတာ၊ စိန်ပေါလ်ကျောင်း၌ ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး နှစ်သစ်ကူးဖြစ်တည်လာသည့် အကြောင်းရင်းခံကို အငြိမ်းစားသမိုင်းပါမောက္ခ စောထွန်းအောင်ချိန်က ဆွေးနွေးသွားမည်ဟု ကော်မတီအတွင်းရေးမှူး မန်းသန်းဝင်းဦးက ပြောသည်။
ထို့အပြင် နှစ်သစ်ကူး အတိတ်နှင့် သမိုင်းကြောင်းကို ဗဟိုကော်မတီဥက္ကဌ အငြိမ်းစားပါမောက္ခ မန်းရွှေပြည်အေးကလည်း ကောင်း၊ ကရင်တမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို တည်ဆောက်သည့် ကောက်သစ်စားပွဲတော် ခေါင်းစဉ်ဖြင့် ကော်မတီ တွဲဖက်အတွင်းရေးမှူး မန်းကျော်ညွှန့်ကလည်းကောင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကော်မတီတာဝန်ရှိသူများထံမှ သိရသည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်)ကို ၁၉၆၄ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ကော်မတီ အနေဖြင့် ပြီးခဲ့သည့် ၂၀၁ဝပြည့်နှစ်တွင် ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့ချုပ်(UKL)က ကရင်အမျိုးသားအလံကို ပါတီအလံ အဖြစ် အသုံးပြုရန် အဆိုပြုမှုအပေါ် ကန့်ကွက်နိုင်ခဲ့သည်။