စက်တင်ဘာ ၂၅ ရက်၊ ၂ဝ၁၈ ခုနှစ်။ စောမြတ်ဦးသာ
လတ်တလောတွင် ကမ္ဘာ့ရေနံဈေးနှုန်းတက်လာမှုကြောင့် မြန်မာ့ရာဘာဈေး ပြန်တက်လာမည်ဟု မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဌ ဦးအောင်မြင့်ထူးက ကေအိုင်စီသို့ ပြောသည်။
“ရေနံနဲ့ ရာဘာက ယှဉ်တွဲနေတယ်။ ကမ္ဘာ့ရာဘာဈေးနှုန်းကို အခြေခံထားတာဆိုတော့ အများကြီးလည်း မှန်းလို့မရဘူးပေါ့လေ။ ရေနံဈေးက တောက်လျှောက်တက်နေတာ။ အခြေအနေပြန်ကောင်းလာမှာပါ။ တက် မယ်လို့လည်း ယူဆပါတယ်”ဟု ဦးအောင်မြင့်ထူးက စက်တင်ဘာ ၂၄ ရက်(ယမန်နေ့)တွင် ပြောသည်။
လက်ရှိ အရည်အသွေးမြင့် Rss3 ရာဘာအမျိုးအစားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၂၅ဝ နှင့် ၁,၃ဝဝ ဝန်ကျင်း ဈေးပေါက်ပြီး ဈေးနှုန်းအတက်အကျဆိုသည်ထက် အပင်မျိုးကောင်းရန်နှင့် ထုတ်လုပ်မှုတိုးတက် အောင်လုပ်ရန် အဓိကကျပြီး ထုတ်လုပ်မှုကောင်းလျှင် အရှုံးမပေါ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာပြည်ထုတ်ရာဘာအချောပြား တစ်ပေါင်လျှင် ကျပ် ၉ဝဝ ဝန်းကျင်ဈေးနှုန်းရှိပြီး ရာဘာကုမ္ပဏီဘက်မှ ဝယ်လက်မကုန်သေးသဖြင့် အထူပြားအတွက် ဈေးနှုန်းဖွင့်ဝယ်ခြင်း မရှိသေးသောကြောင့် တစ်ပေါင်လျှင် ၆၅ဝ ကျပ် ဝန်းကျင်သာ ပေါက်ဈေးရှိနေသည်ဟု မွန်ပြည်နယ်၊ မုဒုံမြို့မှ ရာဘာအဝယ်ဒိုင် ဒေါ်မအေးကြည်က ပြော သည်။
ယခင်နှစ်က ရာဘာအချောပြားတစ်ပေါင်လျှင် ၈၅ဝ ကျပ်အထိသာ ဈေးနှုန်းရရှိခဲ့ပြီး အရည်အသွေးမြင့် ထုတ်လုပ်ရောင်းချသော်လည်း အထူပြားဈေးနှုန်းထက် အနည်းငယ်သာ ပိုရရှိသည့်အပေါ် တောင်သူအများစု ရာဘာအချောပြား ထုတ်လုပ်မှု နည်းသွားသည်ဟု ရာဘာတောင်သူများက ပြောသည်။

“ မနှစ်က ရာဘာအချောပြား တစ်ပေါင် ၈ဝဝ ကျပ်၊ အဲ့လောက်ပဲ ရလိုက်တယ်။ အချောပြားထုတ်လည်း ကုမ္ပဏီတွေက အထူပြားဈေးနဲ့ ၁ဝဝ ကျပ် လောက်သာ ဈေးပေးတယ်။ အချောပြားထုတ်ဖို့ အဆောက်အအုံ၊ နေရာ၊ သုံးရမဲ့ပစ္စည်းကအစ ကုန်ကျစရိတ်ကာမိအောင် ဈေးမရတော့ အများစု အထူပြားပဲ ထုတ်လုပ်ကြတယ်။ အရည်အသွေးကောင်းဖို့နဲ့ မျိုးကောင်းစနစ်စိုက်ဖို့ တာဝန်ရှိသူတွေက အော်နေတာပဲ၊ အပင်မျိုးမှန်ရဖို့နဲ့ အောက်ခြေမှာ ဈေးနှုန်းကစားတာတွေ စိစစ်မှုှနည်းတယ်”ဟု ရာဘာလုပ်ငန်းရှင် ဦးစောနိုင်က ပြောသည်။
၂ဝ၁၂ ခုနှစ်က ရာဘာတစ်ပေါင်လျှင် ကျပ် ၁,၅ဝဝ ကျော်အထိ ဈေးနှုန်းမြှင့်တက်ခဲ့ပြီးနောက် ၂ဝ၁၃၊ ၂ဝ၁၄၊ ၂ဝ၁၅ ခုနှစ်များတွင် ကျပ် ၅ဝဝ အထိ ကျဆင်းလာခဲ့ပြီး ယခုနှစ် ရာဘာအစီးဖွင့်ရာသီ(ရာဘာခြစ်ရာသီ) ကာလတွင် တစ်ပေါင်လျှင် ၉ဝဝ ကျပ်အထိ ဈေးနှုန်းပြန်တက်လာသည်ဟု ရာဘာအဝယ်ဒိုင်များထံမှ သိရ သည်။
မြန်မာတစ်နိုင်ငံလုံးတွင် ရာဘာစိုက်ဧကပေါင်း ၁၆ သိန်းခန့်ရှိပြီး တစ်နှစ်လျှင် ရာဘာထုတ်လုပ်မှု တန်ချိန် နှစ်သိန်းဝန်းကျင်ထွက်ရှိကာ ၉ဝ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ပြီး ပြည်တွင်းသုံးစွဲမှုမှာ ၈ ရာခိုင်နှုန်း သာရှိသည်ဟု ရာဘာထုတ်လုပ်သူ လုပ်ငန်းရှင်များ၏ မှတ်တမ်းအရ သိရသည်။



















