Home သတင်း ကရင်ပြည်နယ် အစိုးရ ဦးစီးမည့် လက်ချည်ပွဲ ဝါ‌ခေါင်လပြည့်‌နေ့တွင် ပြုလုပ်မည်

ကရင်ပြည်နယ် အစိုးရ ဦးစီးမည့် လက်ချည်ပွဲ ဝါ‌ခေါင်လပြည့်‌နေ့တွင် ပြုလုပ်မည်

3858

ဩဂုတ် ၁၇ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဦး‌ဆောင်ကျင်းပမည့် ပြည်နယ်အတိုင်းအတာ ၄၁ ကြိမ်‌မြောက် ချည်ဖြူဖွဲ့ မဂင်္လာအခမ်းအနားကို ဩဂုတ်လ ၂၆ ရက်‌နေ့တွင် ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြုလုပ်သွားမည်ဟု အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသား‌ရေးရာဝန်ကြီး မင်းတင်ဝင်းက ‌ကေအိုင်စီသို့‌ပြောသည်။

၎င်းက “လူမျိုးတစ်မျိုးရဲ့ ရိုးရာယဉ်‌ကျေးမှုဆိုတာ ကွယ်‌ပျောက်‌ကောင်းတဲ့အရာမဟုတ်ဘူး။ လူကြီး သူမ‌တွေက သူတို့ရဲ့ ‌မြေးမြစ်‌တွေကို‌ခေါ် ချည်ဖြူ‌တွေ ရစ်ပတ်‌ပေးရင်း ကျန်းမာချမ်းသာကြပါ‌စေ။ မ‌ကောင်းဆိုးဝါး‌တွေ မကပ်ငြိပါ‌စေနဲ့ ဆိုပြီး ဆု‌တောင်း‌ပေးတာ ‌မေတ္တာတရား‌တွေပါတယ်။ ဒီလို ကရင်လူမျိုးရဲ့‌ကောင်းမြတ်တဲ့ အစဉ်အလာကို ထိန်းသိမ်းရ‌အောင်ဆိုပြီး‌တော့ ပြုလုပ်ကျင်းပခြင်း ဖြစ်တယ်”ဟု ဩဂုတ် ၁၆ ရက်တွင် ‌ပြောသည်။

ချည်ဖြူဖွဲ့မဂင်္လာအခမ်းအနားကို ပြည်နယ်အစိုးရမှ နှစ်စဉ် ဦး‌ဆောင်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ချည်ဖြူဖွဲ့အခမ်းအနားကို ကျပ်သိန်း ၃ဝ ခန့်ကုန်ကျခံရန် လျာထား‌ကြောင်းလည်း မင်းတင်ဝင်းက ဆက်‌ပြောသည်။

ကရင်လူမျိုးတို့၏ ရိုးရာဓ‌လေ့တစ်ခုဖြစ်သည့် ချည်ဖြူဖွဲ့ရာတွင် စ‌ကော၊ ‌ယောက်မ၊ ‌ရေ၊ ထမင်းဆုပ်၊ ‌ကောက်ညှင်း၊ ကြံ၊ ငှက်‌ပျောသီး၊ နတ်ပန်းညို နှင့် ချည်ဖြူစသည့် ပစ္စည်းများပါဝင်ရမည်ဖြစ်ပြီး ကြင်‌ဖော်စုံ သက်ကြီးဘိုးဘွားများမှ လိပ်ပြာ‌ခေါ် ဆု‌တောင်း‌ပေးကာ ချည်ဖြူကို လက်တွင် ရစ်ပတ်ချည် ‌နှောင်‌ပေး ခြင်းဖြစ်သည်။

ထိုသို့ချည်ဖြူဖွဲ့ရာတွင် ကွဲကွာသွားသည့် ကရင်မျိုးနွယ်စုများကို ပြန်လည်ဆုံဆည်းရန် ‌သော်လည်း‌ကောင်း၊ အားငယ်စိတ်၊ ‌ကြောက်ရွံ့စိတ်များ ပ‌ပျောက်ရန်‌သော်လည်‌ကောင်း၊ မ‌ကောင်းဆိုးဝါးများ ‌သွေး‌ဆောင်ဖြား‌ယောင်းခြင်းမှ ကင်း‌ဝေး‌အောင်‌သော်လည်း‌ကောင်း စသည့် ယုံကြည်မှုများဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

ယ‌နေ့အချိန်အခါတွင် ဝါ‌ခေါင်လ ကရင်လက်ချည်ပွဲကို ‌နေအိမ်အလိုက် ကျင်းပခြင်းနည်းပါးလာ‌သော်လည်း ‌ဒေသကို ကိုယ်စားပြု၍ စု‌ပေါင်းကျင်းပမှုများ ပိုမိုများပြားလာသည်ကို‌တွေ့ရှိရပြီး ယခုနှစ်တွင် ဧရာဝတီတိုင်း‌ဒေသကြီးတွင် ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ကာ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်း‌ဒေသကြီးတို့တွင်လည်း စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပမည်ဟု သိရသည်။