Home သတင်း ၈၈-ကရင်မျိုးဆက် ဦး‌ဆောင်၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့ ပြုလုပ်

၈၈-ကရင်မျိုးဆက် ဦး‌ဆောင်၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့ ပြုလုပ်

2764

မတ် ၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ယ‌နေ့ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့ကို ၈၈-ကရင်မျိုးဆက်‌ကျောင်းသားများ၏ လူမှုဖွံ့ဖြိုး‌ရေးအသင်းနှင့် Rain Marker အမျိုးသမီးအဖွဲ့တို့မှ ဦး‌ဆောင်၍ ပထမဆုံးအကြိမ်အဖြစ် ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ၈၈-ကရင်မျိုးဆက်ရုံး၌ ကျင်းပခဲ့ကြသည်။

အဆိုပါအခမ်းအနားကို ယ‌နေ့မြန်မာနိုင်ငံတွင် ဖြစ်ပွားမှု များပြားလာသည့် သက်ငယ်မုဒိမ်း အပါအဝင် အမျိုးသမီးများ၏ အခွင့်အ‌ရေးများအတွက် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်‌ကြောင်း အစီအစဉ်ဖြစ်‌မြောက်‌ရေး ဦး‌ဆောင်သူ ၈၈-ကရင်မျိုးဆက် ဥက္ကဌ ‌စော‌မောင်ကြီးက ‌ပြောသည်။

“အမျိုးသမီးအများစုက သူတို့ရဲ့ရပိုင်ခွင့်‌တွေကို ပိုသိရှိလာ‌အောင်နဲ့ အမျိုးသား‌တွေလည်း ဒါကိုသိပြီး နားလည်လာရင် ကျ‌နော်တို့ နိုင်ငံနဲ့အဝှမ်း ကြား‌နေရတဲ့ (အမျိုးသမီးများအ‌ပေါ်)အကြမ်းဖက်မှု ‌လျော့နည်း သထက်‌လျော့နည်းသွား‌အောင် ဆင်ခြင်နိုင်ကြလိမ့်မယ်လို့ ‌မျှော်လင့်ပါတယ် ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ကျင်းပရာတွင် တက်‌ရောက်လာ‌သော သူများကို အမှတ်တရ အကင်္ျီ၊ စား‌သောက်ဖွယ်ရာများ လက်‌ဆောင်‌ပေးခြင်း၊ ‌ခေါင်း‌ဆောင်များနှင့် အမျိုးသမီးအဖွဲ့‌ခေါင်း‌ဆောင်များက အား‌ပေးစကား‌ပြောခြင်း၊ အမျိုးသမီးအခွင့်အ‌ရေး ဆိုင်ရာ အ‌ကြောင်းများကို Slide Show ဖြင့် ပြသခြင်း၊ အသိပညာ‌ပေးခြင်း အစီအစဉ်များဖြင့် ကျင်းပ ခဲ့ကြသည်။

ယ‌နေ့ကျင်းပသည့်ပွဲတွင် ကရင်ပြည်နယ်ရှိ ဖားအံ၊ လှိုင်းဘွဲ့၊ ‌ကော့ကရိတ်မြို့နယ်များအပြင် မွန်ပြည်နယ်ရှိ သထုံ၊ ကျိုက်မ‌ရော စသည့်မြို့နယ်များမှ ‌ဒေသခံ ကရင်လူထုများ၊ အခြားဖိတ်ကြားထား‌သောဧည့်သည်များ စုစု‌ပေါင်း ၇၉ ဦး တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တက်‌ရောက်လာသူ ကိုကမာ့ရွာမှ နန်းညိုညိုသင်းက “အရင်က ဒီလိုပွဲမျိုး တစ်ခါမှ မလာတက်ဖူးဘူး။ ခု‌တော့ အမျိုးသမီး‌တွေရဲ့အခွင့်အ‌ရေး‌တွေဟာ ဘာ‌တွေလဲဆိုတာ နားလည်လာ သိလာတယ်”ဟု ‌ပြောသည်။

မြပတိုင်ရွာမှ မန်းလှကြည်ကလည်း အမျိုးသမီးအခွင့်အ‌ရေးများကို မိမိတို့အမျိုးသားများကပါ သိရှိရန် လိုအပ်သကဲ့သို့ သက်ငယ်မုဒိမ်း ပ‌ပျောက်‌ရေး၊ အမျိုးသမီးများကိုကာကွယ်‌ရေးများကိုပါ အမျိုးသမီး‌ရော အမျိုးသားများ အားလုံးလိုက်ပါ ကူညီရန် လိုအပ်‌ကြောင်း ‌ပြောဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်က နိုင်ငံတကာအမျိုးသမီးများ‌နေ့ကို ၁၉၇၅ ခုနှစ်၊ မတ်လ ၈ ရက်‌နေ့တွင် စတင် သတ်မှတ်ကာ ထို‌နေ့ကို အစွဲပြု၍ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများက နှစ်စဉ် ဂုဏ်ပြုအခမ်းအနားများကို ယ‌နေ့အထိ ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။

၈၈-ကရင်မျိုးဆက်‌ကျောင်းသားများ၏ လူမှုဖွံ့ဖြိုး‌ရေး အသင်း ကို၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ ကရင်နှင့် မွန်ပြည်နယ်ရှိ ကရင်ပြည်သူများ၏ လူမှုဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို ကူညီလုပ်‌ဆောင်‌နေပြီး ၂၀၁၇ ခုနှစ်တွင် တရားဝင်အသင်းအဖွဲ့အဖြစ် ရပ်တည်‌နေသည့်အဖွဲ့အစည်းလည်းဖြစ်သည်။