မတ်လ ၂ရက်၊ ၂၀၁၈ခုနှစ်။ စောထွန်းလင်း
တက္ကသိုလ် အသီးသီးတွင် အဆင့်မြင့်ပညာသင်ကြားနေသည့် ကရင်ကျောင်းသူကျောင်းသား ၄၅ဦးကို လေးနှစ်အတွင်း ကရင် ဝန်ထမ်းဟောင်းများမိသားစု လူမှုရေးအသင်း(KOFA)က ပညာသင်ဆု ချီးမြှင့်ထားသည်ဟု အသင်း၏ အတွင်းရေးမှူး မန်းသန်း ဝင်းဦးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ အသင်းအနေဖြင့် ၂၀၁၄-၁၅ ပညာသင်နှစ်တွင် ကျောင်းသူကျောင်းသား ၁၈ဦး၊ ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ၅ဦး၊ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ၁၂ဦးနှင့် လက်ရှိပညာသင်နှစ် ၂၀၁၇-၁၈ခုနှစ်တွင် ၁ဝဦးတို့ကို ပညာသင်ဆု ချီးမြှင့်ထားသလို လေးနှစ်အတွင်း ပညာသင်ထောက်ပံ့ကြေး ၂၂,၁၃၀,၀၀ဝကျပ် ပေးအပ်ခဲ့ကြောင်း အသင်း တာဝန်ရှိသူများက ပြောသည်။
KOFA အသင်းနှစ်ပတ်လည် အစည်းအဝေးကို မတ် ၂ရက်နေ့တွင် ရန်ကုန်မြို့၊ အင်းယားလမ်းရှိ၊ ရွှေရှမ်းကန်ခန်းမ၌ ပြုလုပ်ခဲ့ ပြီး ပညာသင်ဆုချီးမြှင့်ထားသည့် ကျောင်းသူ၊ ကျောင်းသားများထဲမှ ဘက်စုံထူးချွန်သည့် ကျောင်းသူ၊ကျောင်းသား ၆ဦးကို ရွှေတံဆိပ်ဆုနှင့် ကျန်ကျောင်းသားများကို အခြား ထူးချွန်ဆုများ အသီးသီး ပေးအပ်ခဲ့သည်။
ယခုလို ဆုပေးရခြင်းနှင့် ပတ်သက်၍ အသင်းဥက္ကဌ မန်းစိုးဟန်က “ကျနော်တို့ KOFA လူငယ်လေးတွေက ပညာတစ်ခုထဲ တော် လို့ မရဘူး။ သူတို့ရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ ခံယူချက်ပိုင်းဆိုင်ရာ တောက်ပြောင်အောင် လုပ်ပေးတဲ့အနေနဲ့ အခုနှစ်ကစပြီးတော့ စွမ်းရည်ထူးချွန်ဆုကို ရွေးချယ်ချီးမြှင့်ပေးပါတယ်။ ဒီနှစ်ဆုရတဲ့သူကတော့ ပညာရေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား စစည် သူဟိန်းဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အသင်းအနေဖြင့် ကျောင်းသား၊ ကျောင်းသူတစ်ဦးကို တစ်လလျှင် ကျပ် ၃၀,၀၀ဝနှုန်း ပညာသင်ဆု ချီးမြှင့်ခဲ့သော်လည်း ၂၀၁၇ -၁၈ ပညာသင်နှစ်မှ စတင်ကာ တစ်လလျှင် ကျပ် ၄၂,၀၀ဝနှုန်းတိုးမြှင့် ချီးမြှင့်မည်ဖြစ်ကာ ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် စသည့် ကျောင်းသူ၊ ကျောင်းသားများကို ပံ့ပိုးပေးထား ကြောင်း အသင်းတာဝန်ရှိသူများက ပြောသည်။
ပညာသင်ဆုရ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စတုတ္ထနှစ်ကျောင်းသား စောရိုလင်းစတုံးစိုင်းက “ကျနော်တို့ KOFA က ပညာသင် ဆုအနေနဲ့ ငွေကြေးထောက်ပံ့တာ တစ်ခုတည်းမဟုတ်ဘဲ ကျနော်တို့ရဲ့ စိတ်ပိုင်း၊ ခံယူချက်ပိုင်း၊ အထွေထွေတိုးတက်မှုရှိအောင် လမ်းပြကူညီပေးပါတယ်။ ကျနော်တို့လည်း ကြိုးစားသွားမယ်၊ အသင်းကိုလည်း ကျေးဇူးတင်တယ်”ဟု ပြောသည်။
KOFA အသင်းကို ၂၀၁၄ခုနှစ်၊ စက်တင်ဘာလအတွင်းက ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) မန်းစိုး ဟန်က နီးစပ်ရာ ကရင်ဝန်ထမ်းဟောင်းများနှင့် တွေ့ဆုံဆွေးနွေးပြီး စတင် တည်ထောင်ခဲ့ပြီး ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၅ရက်နေ့ တွင် အသင်းအဖွဲ့မှတ်ပုံတင် တရားဝင် ရရှိခဲ့သည်။ လက်ရှိအချိန်ထိ ၎င်းတို့၏ အသင်းဝင် ၁၅ဝဦးကျော်ရှိကာ အသင်းရံပုံငွေ ကျပ်သိန်းတစ်ထောင်ကျော်ရှိကြောင်း အသင်းနှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။



















