ဇန်နဝါရီ ၈ ရက်၊ ၂၀၁၈ ခုနှစ်။ ကေအိုင်စီ
လတ်တလော ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မဲ့သဝေါဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ် (BGF)အဖွဲ့တို့ ပူးပေါင်းပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA-ခွဲထွက်အဖွဲ့)အား ထိုးစစ်ဆင်နေသည်ဟုပြောဆိုမှုမှာမဟုတ်မမှန်ကြောင်း KNLA၏ တွဲဘက် စစ်ရေးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ် မန်းရှာထုဝေါ်က ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။
မဲ့သဝေါဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုတွင် KNLA နှင့် BGFတို့ ပူးပေါင်းပြီး ၎င်းတို့အဖွဲ့အား အပြင်းအထန် ထိုးစစ်ဆင်မှု များ ပြုလုပ်နေကြောင်း ယမန်နေ့က DKBA ခွဲထွက်အဖွဲ့၏ ဒုစစ်ဦးချုပ်ဖြစ်သူ ဗိုလ်ချုပ် စောတိုင်းရွှေ(ခ) ဗိုလ်ဘိမှ သတင်း ဌာနအချို့နှင့် လူမှုကွန်ရက် စာမျက်နှာများတွင်ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ ကေအိုင်စီမှ ဆက်သွယ်မေး မြန်းရာတွင် ဗိုလ်မှူး ချုပ် မန်းရှာထုဝေါ်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
၎င်းက ̏ ပူးပေါင်း တိုက်တယ်ဆိုတာ မဟုတ်ဘူး။ ကျနော်တို့နယ်မြေထဲမှာ နှစ်ဖက်စလုံး ကျွံလာမှာစိုးလို့ ကိုယ့်လုံခြုံရေး ကိုယ်ချထားတာဖြစ်တယ်။ ကျွံလာရင်လည်း လက်မခံဖို့ ကိုယ်ကတော့ တပ်ချထားရတာပေါ့ အဲဒါပါပဲ။ သတင်းတွေက
အမျိုးမျိုးထွက်တာပေါ့ကွာ၊ တိုက်ပွဲထဲမှာ ပါတာတို့၊ ဘာတို့ပေါ့။ ဒါက ကိုယ့်နယ်မြေကို လုံခြုံရေး သွားယူတဲ့အ နေအထားလောက်ပဲရှိပါတယ်။ ဒါက တရားဝင် ပြောတာပါ။ ̋ ဟု ပြောသည်။
သို့သော် DKBA၏ ဒုစစ်ဦးချုပ် ဗိုလ်ချုပ် ဗိုလ်ဘိကမူ KNLAတပ်ဖွဲ့၊ အစိုးရ တပ်မတော်နှင့် BGF တို့ ပူးပေါင်းကာ DKBA တပ်ဖွဲ့အား အပြင်းအထန် ထိုးစစ်ဆင်မှုများ ပြုလုပ်နေဆဲဖြစ်ပြီး လတ်တလောတွင် တပ်ဖွဲ့ဝင်အင်အား ထပ်တိုးမှုများ လုပ်ဆောင်နေဆဲဖြစ်သည်ဟု ကရင်ဘာသာဖြင့်ထုတ်လွှင့်နေသည့် Karen Breaking News လူမှုကွန်ရက် Facebook စာမျက်နှာတွင် ယမန်နေ့က ပြောဆိုထားသည်။
သူက̏ အခုက ကျနော်တို့ သူများနေရာသွားပြီး တိုက်တာမဟုတ်ပါဘူး။ ကျနော်တို့ကို ခွေးလို၊ ဝက်လို လိုက်လံပစ်ခတ်တဲ့အတွက် ရှောင်လွှဲလို့ မရတော့လို့ ခုခံတာဖြစ်ပါတယ်။ အခုက သူတို့ လူအင်အား များသထက်များလာအောင် လုပ်တယ်။ တပ်မဟာ၊ တပ်ရင်းတွေကို မှာယူပြီးတော့ ပို့တယ်။ ဗမာစစ်တပ်လည်း ပို့လာတယ်။ BGFလည်း ထပ်ပို့လာတယ်။̋ဟု ပြောဆိုခဲ့သည်။
၎င်းအပြင် KNLA တပ်ဖွဲ့ဝင်များသည် DKBA တပ်ဖွဲ့ဝင်များ ဝင်ထွက်သွားလာသည့်နေရာတွင် လိုက်လံ မိုင်းထောင် ထားမှုများ လုပ်ဆောင်သလို DKBA တပ်ဖွဲ့ဝင်များ ရိက္ခာပြတ်လပ်သွားရန် ရည်ရွယ်သည့်အနေဖြင့် ထိုဒေသရှိ ကျေးရွာအချို့၏ စပါးကျီးများကို KNLA တပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟုလည်း ဗိုလ်ဘိက ဆက်ပြောသည်။
မဲ့သဝေါဒေသအတွင်း အစိုးရတပ်မတော်၊ နယ်ခြားစောင့်တပ် -BGF နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA (ခွဲထွက်အဖွဲ့) တို့ကြား တိုက်ပွဲဖြစ်ပွားမှုမှာ ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာ လဆန်း ကတည်းကဖြစ်ပြီး ယင်းတိုက်ပွဲကြောင့် ဒေသခံ ပြည်သူ ၇,ဝဝဝ ကျော်မှာ မြိုင်ကြီးငူ၊ ထီးသေ့ခီ့နှင့် ကလော်ဒဲထာ စသည့်နေရာများတွင် သွားရောက်ထွက်ပြေးခိုလှုံခဲ့ရသည်မှာ ယခုအချိန်ထိဖြစ်သည်။
၎င်း တိုက်ပွဲဖြစ်ပွားမှုတွင် နှစ်ဘက် ထိခိုက်ကျဆုံးမှုရှိပြီး DKBA ခြေကုပ်နေရာယူထားသည့် နေရာတော်တော်များများကို လက်လွတ်ဆုံးရှုံးလိုက်ရသလို ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့တွင်လည်း ၎င်းခွဲထွက် DKBA တပ်ဖွဲ့ဝင် ၁၁ ဦး နယ်ခြားစောင့်တပ် BGF ထံသို့ လက်နက်ခဲယမ်းအပြည့်အစုံနှင့်အတူ လက်နက်ချသွားခဲ့သည်ဟု သိရသည်။
ခွဲထွက် DKBAဖွဲ့ကို ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောလားပွယ်(ခ) ဗိုလ်နှုတ်ခမ်းမွှေး ဦးစီးသည့် ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA) အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခြင်းခံရသည့် တပ်မှူး၊ တပ်ဖွဲ့ဝင်များမှ ပြီးခဲ့သည့် ၂ဝ၁၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။ လက်ရှိတွင် စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ် စောကျော်သက်နှင့် ဒုစစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ် စောတိုင်းရွှေ(ခ) ဗိုလ်ဘိတို့က တာဝန်ယူထားသည်။