ဇန်နဝါရီ ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မူးယစ်ဆေး ဝါး ဖမ်းဆီးရရှိမှုများနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေးတပ် မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) မှ ထုတ်ပြန်ကြေငြာချက် တစ်စောင်ကို ဇန်နဝါရီလ ၉ ရက် နေ့တွင် ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်မှာ မသမာသူများမှ KNU/KNLA (PC) အမည်ခံ၍သော်လည်းကောင်း၊ ထောက်ခံချက်ဖြင့် သော်လည်း ကောင်း မူးယစ်ဆေးဝါးလုပ်ဆောင်နေသည်ဆိုသည့် သတင်းများထွက်ပေါ်မှုကြောင့် ယခုလို ကြေ ငြာချက် ထုတ်ပြန်ရ ခြင်းဖြစ်ကြောင်း KNU/KNLA(PC) တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်က ကေအိုင်စီသို့ပြောသည်။
̏ ကျနော်တို့အဖွဲ့ဟာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)ကို ရေးထိုးထားပေမယ့် ပြည်သူလူထုက ကျနော်တို့ကို သောင်းကျန်းသူလိုလို သူပုန်လိုလို နားလည်မှုလွှဲတာတွေ တစ်ချို့ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် NCA စာချုပ်မှာပါတဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးကို တတ်နိုင်သလောက် ကိုယ့်နာမည်နဲ့ထွက်နေတဲ့ ကိစ္စတစ်ခုကို ချုပ်ငြိမ်း ပေး ဖို့လုပ်ဆောင်တဲ့အနေနဲ့ ထုတ်ပြန်တာ ဖြစ်ပါတယ်↔ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် PC ထောက်ခံချက်ဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ကြောင်း သတင်းအရ ကော့က ရိတ်မြို့နယ်၊ မြပတိုင်ကျေးရွာအုပ်စု၊ ကော့ကလောင်ရွာအနီးရှိ တောတွင်းရာဘာခြံအတွင်း ဝင်ရောက် စစ်ဆေးရာ စိတ်ကြွ မူးယစ်ဆေးဝါး ၁၃၅ ပြား၊ ဆေးဝါးရောင်းချရငွေဟု ယူဆရသောငွေ ၄ သိန်းကျော်၊ မော်တော်ဆိုင်ကယ် ၁၄ စီးနှင့်အတူ မူး ယစ်ဆေးလက်ဝယ်ဖမ်းမိသူ ၂ ဦး၊ သုံးစွဲရန် ရောက်ရှိသူ ၂၄ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်ထဲတွင် ပါရှိ သည်။
အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုဖြစ်စဉ်များအရ ဖမ်းဆီးခံရသူများထဲတွင် KNU/KNLA (PC) ၏ မိတ်ဖက် အဖွဲ့အစည်း တစ်ခုနှင့်ပတ်သက်သူတစ်ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသော်လည်း မည်သည့် အဖွဲ့အစည်းဖြစ်သည်ကို ထုတ်ပြန်ပြောဆိုမည် မဟုတ်ကြောင်း KNU/KNLA (PC) တာဝန်ရှိသူများက ဆိုသည်။
ထို့အပြင် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိပြီး ဖမ်းဆီးခံရသူများတွင် အရပ်သားများ၊ တက္ကသိုလ်ကျောင်းသား များလည်း ပါဝင်ကြောင်းသိရှိရပြီး ၎င်းတို့အား မည်သည့်နေရာသို့ခေါ်ဆောင်သွားပြီး မည်သို့အရေးယူမည်ကို သိရှိရခြင်းမရှိသည့်အ တွက် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေကြောင်းလည်း မိသားစုဝင်များထံမှ သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြပတိုင်ကျေးရွာအုပ်ချုပ်ရေးမှူး မန်းစန်းဝင်းက “ အခု PC လက်ထဲမှာပဲ ထိန်းသိမ်းထားတာ တယောက်မှတော့မလွတ်သေးပါဘူး။ မိဘတွေကလည်း အတော်လည်း စိတ်ပူနေကြတယ်။ ၁ဝ နှစ်၊ ၁၅ နှစ်အရွယ်က လေးတွေက လူကြီးတွေ နောက် လမ်းမှားလိုက်ပြီးတော့ ဒီလိုဖြစ်သွားတာ၊ ငယ်လည်း ငယ်သေးတော့ ပြန်လွှတ်စေချင်ပါ တယ်။ ကလေးတွေ ကြောက်ရွံ့ပြီး နောက်မလုပ်ရဲအောင် အခုလို ပထမဆုံး အကြိမ် ဖမ်းပြလိုက်တာလည်း ကောင်းပါတယ်။ ״ ဟုပြောသည်။
KNU/KNLA (PC) အနေဖြင့် ဖမ်းဆီးရမိသော သူများကို မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာများပေးပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူ၊ အုပ်ထိန်းသူများထံပြန်လည် လွှဲအပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် NCA သဘောတူ စာချုပ်၊ အပိုဒ်(၂၅)၊ အပိုဒ်ခွဲ(က-၆)အရ အပစ်အခတ်ရပ်စဲထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းများ အကောင်အထည် ဖော်နေသည့်အတောအတွင်း အပစ်ရပ်နယ်မြေများတွင် နှစ်ဖက်ညှိနှိုင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟုလည်း KNU/KNLA(PC) တာဝန်ရှိသူများက ပြောဆိုသည်။
KNU/KNLA–PC ကို ယခင် KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၇ မှူး ဟောင်း ဗိုလ်မှူးချုပ် စောထိန်မောင် ဦးဆောင်၍ ပြီးခဲ့သည့်၂၀၀၇ ခုနှစ်က KNUမှ ခွဲထွက်ကာ နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေးရယူခဲ့ပြီး လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားသော အဖွဲ့လည်းဖြစ်သည်။



















