ဇန်နဝါရီ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ကရင်ပြည်နယ်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများပါဝင်မည့် ပထမဆုံး အကြိမ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော်ကို ဖေဖော်ဝါရီလ ၉ ရက်မှ ၁၂ ရက်နေ့အထိ ဖားအံမြို့၊ သီရိ အားကစားကွင်း၌ ကျင်းပသွားမည်ဟု ပွဲကျင်းပရေးတာဝန်ရှိသူများက ပြောသည်။
ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့များ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ချစ်ကြည် ရင်းနှီးမှု ပိုမိုရရှိရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ပွဲကျင်းပရေး ကော်မတီဝင် တစ်ဦးဖြစ်သူ ကရင်ပြည်နယ်၊ ဗမာတိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ယနေ့(ဇန်နဝါရီ ၁၈ ရက်)တွင် ကေအိုင်စီသို့ပြောသည်။
“ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားတွေက စည်းစည်းလုံးလုံးနဲ့ ရိုးရာယဉ်ကျေးမှု စာပေ ဓလေ့တွေ ထိန်းသိမ်း စောင့်ရှောက်နေတယ်ဆိုတာကို တခြား တိုင်းနဲ့ ပြည်နယ်တွေကိုလည်း Massage (အသိ) ပေးချင်တာပေါ့” ဟု ဦးတေဇထွဋ်လှိုင်ထွေးက ပြောသည်။
တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော်တွင် ပြည်နယ်အတွင်း နေထိုင်ကြသည့် ကရင်၊ ပအိုဝ်း၊ ရှမ်း(သျှမ်း)၊ မွန်၊ ဗမာ စသည့် တိုင်းရင်းသားလူမျိုးများ၏ အက၊ အသုံးအဆောင်ပစ္စည်း၊ အစားအသောက်များ စုံလင်စွာ ထည့်သွင်း ပြုလုပ်သွားမည်ဟု သူက ဆက်ပြောသည်။
ယခုလို တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်မြောက်ရန် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများမှ ဝိုင်းဝန်းလုပ်ကိုင်ပေးပြီး တိုင်းရင်းသားလူမျိုးအချင်းချင်း ဆက်လက်၍ စာပေ၊ ယဉ်ကျေးမှုများ အတူတကွ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် မျှော်လင့်ထားကြောင်းလည်း ပွဲတော် ကျင်းပရေးတာဝန်ရှိသူများက ပြောသည်။
ယင်းပွဲတော်တွင် တိုင်းရင်းသားများ၏ သမိုင်းဝင်ပစ္စည်းများ၊ စာပေ၊ ဝတ်စားဆင်ယင်မှု၊ ဓာတ်ပုံ၊ ပန်းချီ၊ ရိုးရာ ပစ္စည်းအ ရောင်းဆိုင်၊ ရိုးရာအစားအသောက် ရောင်းချမှု၊ ရိုးရာအားကစား၊ ရိုးရာသီဆိုတီးမှုတ်မှုအပြင် တိုင်းရင်းသား ၅မျိုးတို့၏ အကအဖွဲ့ ၆၈ ဖွဲ့တို့က ပွဲတော်အတွင်း ညပိုင်းအစီအစဉ်တွင် ကပြဖျော်ဖြေကြမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော်ကို ကရင်ပြည်နယ်အနေဖြင့် ပထမဆုံးအကြိမ် ကျင်းပမည် ဖြစ်ပြီး နောင်နှစ်များတွင် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများက ယခုလိုပွဲမျိုး ဆက်လက် ကျင်းပသွားရန်ရှိကြောင်း ပွဲတော် ကျင်းပရေးတာဝန်ရှိသူများက ပြောသည်။