ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်းတည်ဆောက်ရန်လျာထားသည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံစီမံကိန်းနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ်လေ့လာခရီးသွားရောက်ခဲ့သူများမှ ယနေ့(ဒီဇင်ဘာ ၂၇)တွင် သုံးအိမ်ကျေး ရွာလူထုများနှင့် တွေ့ဆုံကာ ၎င်းတို့လေ့လာသိရှိခဲ့ရသည်များကို ပြန်လည်ချပြရှင်းလင်းမှုများပြုလုပ်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုကို လေ့လာရေးခရီးသွားရောက်ခဲ့သည့် သံဃာတော်များ၊ ဒေသခံများ၏ ဦးဆောင်စီစဉ်မှုဖြင့် စက်ရုံစီမံကိန်းတည်ဆောက်ရန်လျာထားသည့် ဖားအံမြို့နယ်၊ ဝတ်ကြီးကျေးရွာအုပ်စု သုံးအိမ်ကျေးရွာရှိ ချမ်း အေးလင်းမြိုင်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သိုက်တောကျေးရွာကျောင်းတိုက် ဆရာတော်ဥူးကုသလဗုတ္တိက “ဂျပန်နိုင်ငံ လေ့လာရေးအဖွဲ့အနေနဲ့ ခရီးစဉ်အတွေ့အကြုံ သိရှိလာရတဲ့အချက်တွေကို ပြန်လည်ဖြန့်ဝေမယ့် တွေ့ဆုံမှုဖြစ်တယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး လာမယ့် ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာကျင်းပမယ့် သတင်းစာရှင်းလင်းပွဲမှာ သိရှိလိုတာမေးမြန်းဖို့နဲ့ ကိုယ်ဆွေးနွေးလိုတဲ့အကြောင်းအရာတွေကို ကြို တင်ပြင်ဆင်ထားနိုင်အောင်လို့ဖြစ်ပါတယ်” ဟုပြောသည်။
ယနေ့ပြုလုပ်သည့်တွေ့ဆုံမှုတွင် ဖားအံမြို့ရှိ ကြားတောရကျောင်း တိုက်ဆရာတော်ဥူးစန္ဒာဝရ၊ ဝတ်ကြီး၊ သိုက်တော၊ သုံးအိမ် စသည့်ကျေးရွာများမှ ဆရာတော်များ၊ ခရီးစဉ်တွင်လိုက်ပါသွားသည့် ဒေသခံများ၊ လူမှုအဖွဲ့အစည်းအချို့နှင့် သုံးအိမ်ကျေးရွာဒေသခံများစုစုပေါင်း လူဦးရေ ၃ဝ ကျော် တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဂျပန်နိုင်ငံတွင် လည်ပတ်နေသည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံအခြေအနေများ၊ သဘာဝ ပတ်ဝန်းကျင်အခြေအနေများ၊ ဂျပန်လူနေမှုဘဝနှင့်ဓလေ့စရိုက်များစသည့် ၎င်းတို့လေ့လာသိရှိ ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများ၊ ဗဟုသုတများကို ခရီးစဉ်လိုက်ပါသွားသူများမှ တစ်ဦးချင်းစီရှင်းလင်းချပြမှုများပြုလုပ်ခဲ့ကြသည်။
“ဒီလေ့လာရေးခရီးစဉ်တွေ သွားခဲ့တဲ့သူတွေကိုယ်တိုင်က စီမံကိန်းက ဘာတွေဆက်လုပ်မယ်၊ ဒေသခံတွေ အတွက် အကျိုးခံစားခွင့်ဘယ်လောက်ရှိမယ်ဆိုတာ ဘာမှမသိသေးဘူးဆိုတာ သူတို့ ကိုယ်တိုင်ပြောပြီးသားပါပဲ။ ပြီးတော့ ပညာရှင်တွေနဲ့ နောက်ပြီးတော့လောလောနဲ့မသွားဖို့အရေးကြီးပါတယ်။ ကျမတို့ပြည်သူပဲ သဘောထားကြီးလို့မရဘူး။ အစိုးရကိုယ်တိုင် သဘောထားကြီးကြောင်းလည်း ပြသဖို့လိုတယ်”ဟု တွေ့ဆုံပွဲ တက်ရောက်လာသည့် အမျိုးသမီးရှေ့ ဆောင်အဖွဲ့မှ နန်းတင်တင်လှိုင်က ပြောသည်။
TTCL ကုမ္ပဏီမှတာဝန်ယူကာ မဂ္ဂါဝပ် ၁၂၈ဝ ထုတ်လုပ်မည့် အဆိုပါလျှပ်စစ်ဓာတ်အားပေး စီမံကိန်းနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်၊ ဥပဒေအကာအကွယ်နှင့် ဒေသခံများ၏ အကျိုးခံစားခွင့်အပြင် ပွင့်လင်းမြင်သာမှု အားနည်းကြောင်း ထောက်ပြကာ ဒေသခံအချို့နှင့်သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူများက ကန့်ကွက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။
ပြည်နယ်အစိုးရဘက်မှ ယင်းစီမံကိန်းမှာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကရည်ရွယ်ခြင်းဖြစ် ကြောင်းပြောဆိုထား သလို ပွင့်လင်းမြင်သာမှုမရှိကြောင်း ထောက်ပြပြောဆိုမှုများအတွက် TTCL ကုမ္ပဏီမှ ဦးဆောင်ကာ ယခုကဲ့သို့ ကျောက်မီး သွေးလေ့လာရေး ဂျပန်နိုင်ငံလေ့လာရေးခရီးစဉ်များအပြင် ဒေသခံများ၊ လူမှုအဖွဲ့အစည်းများနှင့် မကြာခဏ တွေ့ဆုံကာ စီမံကိန်းကိစ္စကို ရှင်းလင်းချပြမှုများမကြာခဏ ပြုလုပ်ခဲ့ပြီးလည်းဖြစ်သည်။
ထို့အတူ လေ့လာရေးခရီးစဉ်တွင်ပါဝင်သူများ၊ ဒေသခံများ၊ TTCL ကုမ္ပဏီနှင့်ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ မီဒီယာများပါဝင်သည့် ဂျပန်နိုင်ငံလေ့လာရေးခရီစဉ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုကို လာမည့် ဒီဇင်ဘာလ ၃ဝ ရက်နေ့ ဖားအံမြို့ရှိ သုမေဓာရာမကြားတောရကျောင်းတိုက်တွင် ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။



















