ဒီဇင်ဘာလ ၂၈ရက်။ ၂၀၁၇ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားတို့၏ သမိုင်းဝင် နေ့ထူးနေ့မြတ်တစ်ခုဖြစ်သည့် ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ကျရောက်မည့် အကြိမ် ၇ဝ မြောက် ကရင်အမျိုးသားနေ့အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ဗျိုက်ကျေးရွာအုပ်စု အနောက်စုရွာ တွင် ဒုတိယအကြိမ်မြောက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈ခုနှစ်တွင် ကျရောက်မည့် ကရင်အမျိုးသားနေ့ အခမ်းအနားကို ကျောင်းကုန်းမြို့နယ်၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မ တီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ကျင်းပသွားမည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ယင်းမြို့နယ်တွင် ပထမဆုံးအကြိမ်အဖြစ် စတင် ကျင်းပခဲ့ကြခြင်းဖြစ်သည်။
ကျောင်းကုန်းမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ မန်းသန်းကြိုင်က “အခုက ပွင့်လင်းမြင်သာတဲ့ခေတ်ကို ရောက်လာပြီဆိုတော့ ကိုယ့်အမျိုးသားအရေးကို မဖြစ်မနေ လုပ်ရမယ့်အချိန်လည်း ဖြစ်လာပြီ။ အဲဒီတော့ ဒါကိုပြန်လည်ဖော် ထုတ်တာ ဖြစ်ပါတယ်။ နောက်ပြီး လူငယ်တွေ ဒီလိုနေ့ ရှိတယ်ဆိုတာသိအောင်နဲ့ စိတ်ပါဝင်စားမှုရှိလာအောင် ရည်ရွယ်ပါတယ်” ဟု ပြောသည်။
ကရင်အမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် ကျောင်းကုန်းမြို့နယ် ကရင်စာယဉ်မှ ယခုလဆန်းပိုင်းတွင် အစည်းအဝေး ခေါ်ယူ ကာ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပြီး အခြားမြို့နယ်များဖြစ်သည့် အိမ်မဲ၊ ပန်းတနော် စသည့် မြို့နယ်ကရင်စာ/ယဉ်များကိုပါ ပါဝင်တက် ရောက်ရန် ဖိတ်ကြားထားသည်ဟု သိရသည်။
ကရင်အမျိုးသားနေ့ကို ယခင်က ကရင်ပြည်နယ်အတွင်းရှိ KNU ထိန်းချုပ်ရာ တော်လှန်ရေးနယ်မြေများနှင့် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်တွင်သာ ကျင်းပခဲ့ကြခြင်းဖြစ်ပြီး ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် KNU-ကရင်အမျိုးသားအစည်းအရုံး နှင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အခြားပြင်ပနေရာများတွင် ကျင်းပလာနိုင်ခဲ့ကြသည်။
ထိုသို့ကျင်းပရာတွင် ကရင်ပြည်နယ်အပြင် ကရင်လူမျိုးများအများစု ပျံ့နှံ့နေထိုင်ရာ ဒေသများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးများအတွင်း ပြီးခဲ့သည့် ၂၀၁၅ခုနှစ်မှစတင်ကာ ကရင်အမျိုးသားနေ့ကို ပုံစံမျိုးစုံဖြင့် ကျင်းပမှုများရှိလာခဲ့ ကြသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ကရင်အမျိုးသားနှစ်သစ်ကူးမှလွဲ၍ အခြားသော ကရင်အမျိုးသား နေ့ထူးနေ့မြတ်များကို ကျင်းပလုပ်ဆောင်ရန် တိုင်းဒေသအတွင်း နေထိုင်သည့် ကရင်လူမျိုးအများစုက စိုးရိမ်မှုများဖြစ်ပေါ်နေသေးကြောင်း ပြောဆိုမှု များလည်း ရှိနေသည်။
ကျောင်းကုန်းမြို့နယ် အစုကြီးကျေးရွာနေ စ’မုခိန်သာက “ဒီဟာတွေကို နောက်ပိုင်း လူငယ်မပြောနဲ့ လူကြီးတွေတောင် မသိ ဘူး။ အခုလို ပြန်လည်ဖော်ထုတ်လာတာရှိတော့ ကောင်းပါတယ်။ ဒါဟာ ဆန့်ကျင်တာ မဟုတ်ဘူး။ ကိုယ့်အမျိုးသားသမိုင်းကို ပြန်လည် ဖော်ထုတ်တာသာ ဖြစ်တယ်။ အခုခေတ်လူငယ်တွေက သိပ်မကြောက်တတ်တော့ဘူး။ အမျိုးသားရေးနဲ့ပတ်သက်လို့ တဖြည်းဖြည်း စိတ်ပါဝင်စားမှုတွေရှိလာသလိုပဲ၊ လုပ်ဖို့စိုးရိမ်နေကြတဲ့သူတွေလည်း ရှိနေတုန်းပဲ”ဟု ပြောသည်။
၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် ကရင်လူထု ၄သိန်းကျော်က “ကရင်ပြည် ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိ” စသည့် ကြွေးကြော်သံများဖြင့် ကရင်ပြည်ပေးရေး ဖဆပလ အစိုးရထံ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ထိုနေ့ကို အစွဲပြုပြီး ကရင်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် ၁၉၅၃ခုနှစ်၊ ဖာပွန်မြို့၌ ကျင်းပခဲ့သော ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိ တညီတညွှတ်တည်း ထောက်ခံ အတည်ပြုခဲ့ကြသည်။