ဒီဇင်ဘာ ၂၉ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
ကရင်ကျောင်းသားကွန်ယက်-KSNG ၏ (၁၂)ကြိမ်မြောက် ကော်မတီခေါင်းဆောင်သစ်(၅)ဦးကို ထိုင်း-မြန်မာနယ်စပ်တစ်နေ ရာတွင် ဒီဇင်ဘာလ ၂၇ရက်မှ ၂၉ရက်(ယနေ့)အထိ ပြုလုပ်သည့် ၎င်းတို့၏ (၂၂)ကြိမ်မြောက် နှစ်ကုန်အစည်းအဝေး၌ ပြန်လည် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
တစ်နှစ်တစ်ကြိမ်ပြုလုပ်သည့် နှစ်ကုန်အစည်းအဝေးမှ ၂နှစ်တစ်ကြိမ်ပြန်လည်ရွေးချယ်သည့် ကော်မတီခေါင်းဆောင် (၅)ဦးတွင် ဥက္ကဌအဖြစ် စောစေးမူး၊ ဒုဥက္ကဌအဖြစ် နော်ဂျူလိုင်မိုး၊ အတွင်းရေးမှူးအဖြစ် စောလယ်နေဝါး၊ တွဲဖက် အတွင်းရေးမှူးအဖြစ် စော ချစ်လင်းနိုင်၊ ဘဏ္ဍာရေးမှူးအဖြစ် နော်အယ်ယွားတို့ကို ရွေးကောက်ခဲ့သည်ဟု KSNG ဥက္ကဌသစ်ဖြစ်လာသူ စောစေးမူးက ပြော သည်။
“ကျနော်တို့ KSNG ရဲ့ လုပ်ငန်းတွေ အပြောင်းအလဲလေးရှိလာအောင်နဲ့ လုပ်ငန်းစဉ်တွေ တိုးတက်ကောင်းမွန်ဖို့အတွက် ခေါင်း ဆောင်တွေကို တစ်ဆင့်တစ်ဆင့် ပြောင်းလဲရတာဖြစ်တယ်။ နောက်ပြီး ကျနော်တို့က တစ်ဦးတစ်ယောက်ထဲ လုပ်လို့မရဘူး လေ။ စုပေါင်းခေါင်းဆောင်မှုနဲ့ ကြိုးစားလုပ်ဆောင်သွားရမှာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အသစ်ပြန်လည်ရွေးကောက်တင်မြှောက်လိုက်သည့် ခေါင်းဆောင်သစ်များကို KSNG နှစ်ကုန်အစည်းအဝေးသို့ ပြည်တွင်း၊ နယ် စပ်၊ ဒုက္ခသည်စခန်း ၆ခုမှ တက်ရောက်လာသည့် ကွန်ယက်အဖွဲ့ဝင် ကျောင်းသူ၊ကျောင်းသား ခေါင်းဆောင်ကိုယ်စားလှယ် ၁၀၀ကျော် လျှို့ဝှက်မဲပေး၍ ရွေးကောက်ခဲ့ခြင်းဖြစ်သည်ဟုလည်း စောစေးမူးက ဆက်ပြောသည်။
KSNG ၏ နှစ်ကုန်အစည်းအဝေးနှင့်အတူ ဒီဇင်ဘာ ၂၆ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်သဘာဝပတ်ဝန်း ကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ယက်(KESAN)၊ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)မှ ငြိမ်းချမ်းရေးဖြစ်စဉ် ပြန်လည်သုံးသပ်ခြင်း (Peace Process Review) နှင့် သုံးရက်တာပြုလုပ်သည့် အစည်းအဝေး၌ KSNG ၏ ၂နှစ်တာကာလ လုပ်ဆောင်ချက်များကို ပြန်လည် တင်ပြသုံးသပ်ခြင်း၊ ဖွဲ့စည်းပုံကို ပြင်ဆင်ပြုပြင်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း၊ KSNG ကွန်ယက်အဖွဲ့ဝင်သစ်များ ကို အတည်ပြုသတ်မှတ်ခြင်းနှင့် ခေါင်းဆောင်သစ် (၅)ဦးကို အသစ်ပြန်လည်ရွေးကောက်ခြင်းတို့ ပြုလုပ်ခဲ့သည်။
KSNG အဖွဲ့သည် အဓိကအာဖြင့် ပညာရေးနှင့်ယဉ်ကျေးမှုဌာန၊ သတင်းမီဒီယာဌာနဟူ၍ နှစ်ခုရှိပြီး ပြည်တွင်း၊ နယ်စပ်၊ ဒုက္ခ သည်စခန်းများ၌ ကျောင်းသားစုံညီပွဲတော်များ၊ ကျောင်းမတက်နိုင်သည့် ကျောင်းသား၊ကျောင်းသူများအတွက် ကူညီပေးခြင်း၊ ရေဒီယိုသတင်းနှင့် မဂ္ဂဇင်းစာစောင်များဖြင့် သတင်းစကားများ ဖြန့်ဝေခြင်းစသည်တို့ကို လှုပ်ရှားဆောင်ရွက်သည့်အဖွဲ့ဖြစ်သည်။
ယခုနှစ် အစည်းအဝေး ဆုံးဖြတ်ချက်၏ အဓိက ရှေ့လုပ်ငန်းစဉ်များအဖြစ် ပြည်တွင်း၊ ပြည်ပ၊ နယ်စပ်နှင့် ဒုက္ခသည်စခန်းများ၌ ကွန်ယက်ပိုမိုအားကောင်းလာစေရန်နှင့် ဒုက္ခသည်ပြန်လည်ပို့ဆောင်ခြင်း အစီအစဉ်အပေါ် ဒုက္ခသည်စခန်းအတွင်း ကျောင်းသူ ကျောင်းသားများ၏ သဘောထား စစ်တမ်းများကောက်ယူသွားခြင်းကို လာမည့် ၂၀၁၈ခုနှစ်အတွင်း၌ လုပ်ဆောင်သွားမည်ဟု KSNG က ဆိုသည်။
ယခင် KSNG ဥက္ကဌဟောင်း စောထူးထူးစတင်းက “အခုအသစ်ရွေးချယ်လိုက်တဲ့ ခေါင်းဆောင်သစ်တွေအပေါ် ကျနော် အများ ကြီး ယုံကြည်မှုရှိပါတယ်။ ဘာဖြစ်လဲဆိုတော့ အားလုံးက ကရင်ကျောင်းသားကွန်ယက်အတွက် အားတက်သရော ပါဝင်လုပ် ကိုင်နေတဲ့သူတွေဖြစ်လို့ပါပဲ။ ကရင်ကျောင်းသားကွန်ယက်ရဲ့ လူ့အဖွဲ့အစည်းအတွက် အများကြီး အထောက်အကူပြုပေးနိုင် မယ်လို့လည်း မျှော်လင့်ထားပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ကျောင်းသားကွန်ယက်အဖွဲ့-KSNG ကို ၁၉၉၆ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့တွင် နယ်စပ်ဒေသတွင် စတင်ဖွဲ့စည်းခဲ့ရာ ပြည် တွင်း၊ နယ်စပ်၊ ဒုက္ခသည်စခန်းများ၌ ကွန်ယက်အဖွဲ့ဝင်(၁၀)ဖွဲ့ရှိပြီး ယခုအစည်းအဝေးတွင် နှစ်ဖွဲ့ ထပ်မံ အတည်ပြုသဖြင့် စုစု ပေါင်း ကွန်ယက်အဖွဲ့ (၁၂)ဖွဲ့ ရှိလာသည်။