နိုဝင်ဘာ ၂ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုမြေယာ ကော်မတီ၊ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ရက် (KPSN) နှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ရက်- KESAN တို့မှ ဦးဆောင်ပြီး နိုဝင်ဘာ ၂မှ ၄ ရက် နေ့အထိ ပြုလုပ်မည့် “ကော်သူးလေမြေယာနှီးနှောဖလှယ်ပွဲ” အစီအစဉ်တစ်ရပ်ကို ဖားအံခရိုင်၊ လော်ခီးလာ(လေးဝါး) ၌ ယနေ့ စတင်ကျင်းပနေသည်။
ငြိမ်းချမ်းရေးကာလအတွင်း ကရင်ဌာနေဒေသခံများ လက်ရှိ ရင်ဆိုင်နေရသော မြေယာပြဿနာ စိန်ခေါ်မှုများနှင့် ဖြေရှင်း နိုင်မည့်နည်းလမ်းများကို တိုင်ပင်ဆွေးနွေးရန်အတွက် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်သည်ဟု ၎င်း နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးအတွက် စီစဉ်သူများက ပြောသည်။
ကေအဲန်ယူခရိုင်၊ မြို့နယ်မှကိုယ်စားလှယ်ခေါင်းဆောင်များ၊ ကရင်ပြည်နယ်၊ ဧရာဝတီနှင့် တနသင်္ာရီဒေသ အသီးသီးမှ ဒေသခံပြည်သူများ၊ လယ်သမားများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပညာရှင်များအပါအဝင် စုစုပေါင်း (၂ဝဝ)ကျော် တက်ရောက်ဆွေးနွေးလျက်ရှိသည်ဟု သိရသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲ၏ အစီအစဉ်၏ နောက်ဆုံးနေ့ဖြစ်သည့် နိုဝင်ဘာလ ၄ ရက်နေ့တွင် ယင်း မြေယာနှီးနှောဖလှယ်ပွဲအပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။