အောက်တိုဘာ ၁၂ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် အခြေစိုက် ကရင်ပါတီတစ်ခုဖြစ်သည့် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)မှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်ပြီး ပြင်းထန်စွာရှုံ့ချကြောင်း အောက်တိုဘာလ ၉ ရက်နေ့က သဘောထားထုတ်ပြန်လိုက်သည်ဟု ပါတီ တာဝန်ရှိသူများက ပြောသည်။
ထိုသို့ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ ပါတီ၏ အထွေထွေအတွင်းရေးမှူး စောကြည်လင်းက “ ဒါကတော့ မြန်မာ တစ်နိုင်ငံ လုံးမှာရှိတဲ့ တိုင်းရင်းသားတွေလက်မခံတဲ့ကိစ္စပါ။ ဘာသာရေးကြောင့် မဟုတ်ပါဘူး။ သူတို့ကိုယ်သူတို့ပြောတဲ့ ARSA ဘာ ညာ ကျနော်တို့အသိ အမှတ်မပြုဘူး။ အဲဒီအတွက် အစွန်းရောက် ဘဂင်္ါလီအကြမ်း ဖက်အဖွဲ့တွေကိုတော့ ကျနော်တို့ပါတီ အနေနဲ့ ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်း အခုလို သဘောထား ထုတ်ပြန်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ တပ်ဌာနချုပ် တစ်ခုနှင့် ရဲကင်းစခန်း ၃ဝကို ARSA (Arakan Rohingya Salvation Army ) အစွန်းရောက် အကြမ်းဖက်သမားများက ယခုနှစ် ဩဂုတ် ၂၅ ရက် နံနက်အစောပိုင်းတွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲအပြင် ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတို့ ရာချီသေဆုံးခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရဘက်မှ ARSA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာခဲ့ပြီး နယ်မြေရှင်း လင်းမှုပြုလုပ်ခဲ့ရာ နှစ်ဖက်အထိအခိုက်များဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်ပြီး ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ အနေဖြင့် လက်ရှိအစိုးရကြိုးပမ်း လုပ်ဆောင်နေသည့် ဖွံ့ဖြိုးမှုဆိုင်ရာအကြပ်အတည်း၊ လူ့အခွင့်အရေးဆိုင်ရာအကြပ်အတည်း၊ လုံခြုံရေးဆိုင်ရာ အကြပ်အတည်း (၃)ခုကို ခက်ခဲကြန့်ကြာအောင်လုပ်ဆောင်နေသည်ဟု ရှုမြင်ကြောင်းလည်း သဘော ထားထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ကရင်ပြည်နယ်အတွင်းရှိ ကရင်နိုင်ငံရေးပါတီများဖြစ်သည့် (PSDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကရင်ပြည်နယ် ဒီမို ကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ စသည့်ပါတီ (၄) ပါတီရှိသည့်အနက် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်များ နှင့်ပတ် သက်ပြီး ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီမှ ထိုသို့ သဘောထားထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။