အောက်တိုဘာ ၂၄ရက်၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ကို လက်မှတ်ထိုးရန် အတော်နီးစပ် နေပြီးဖြစ်သလို လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် အပြီးသတ် ပြောဆိုနိုင်မည်ဟု UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ် အဖွဲ့(DPN) ဒုခေါင်းဆောင် နိုင်အောင်မငေးက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန
-NRPC ၌ အောက်တိုဘာ ၂၃ မှ ၂၄ ရက်နေ့ထိ ပြုလုပ်သည့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် (DPN) တို့ ၇ ကြိမ်မြောက် အစည်းအဝေးပြီး ယနေ့ ညနေပိုင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်အောင်မငေးက ယခုလိုပြောသည်။
“NCA ထိုးဖို့ ရာခိုင်နှုန်း တော်တော်လေးများနေပါပြီး။ ဒီလာမဲ့နိုဝင်ဘာ ၈ ဆွေးနွေးပွဲ ပြီးရင်တော့ အပြီးသတ်ပြောနိုင်မှာပါ” ဟု ၎င်းက ပြောသည်။
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ ကိုယ်စားလှယ်အဖွဲ့တို့ ၇ ကြိမ်မြောက် ယခုဆွေးနွေးပွဲတွင် UNFC ၏ အဆိုပြုချက် ၈ ချက်ကို ဆက်ဆွေးနွေးခဲ့ပြီး အချက်အားလုံး ပြေလည်သလို စာလုံးအသုံးအနှုန်း ပိုင်းဆိုင်ရာ ပြန်လည်ညှိနှိုင်းရန်သာရှိကြောင်း နှစ်ဘက်သော ကိုယ်စားလှယ်များက ပြောသည်။
“ အချက်လိုက်ကျန်ခဲ့တာမရှိဘူး။ အချက်လိုက် နားလည်မှု၊ ဝေါဟာရလေးတွေ ပြန်ယူသွားတာရှိတယ်” ဟု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်ဖြစ်သူ ဦးဇော်ဌေးက ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါ ၇ ကြိမ်မြောက် အစည်းအဝေးအပြီး အချက် ၄ ချက်ပါ ပူးတွဲ သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ် ပြန်ခဲ့ပြီး ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အတူတကွ ဖော်ဆောင်သွားမည်ဟု ဖော်ပြ ထားသည်။
နှစ်ရက်ကြာ ပြုလုပ်သည့် ယင်းဆွေးနွေးပွဲသို့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်နှင့် တပ်မတော်မှ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့ဝင်များ၊ UNFC ၏ (DPN) အဖွဲ့ ခေါင်းဆောင် ခူဦးရယ်၊ ဒုအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေး တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လေ့လာသူ အဖြစ် ပဒိုစောရွှေမောင်း(KNU)၊ စိုင်းငင်း(RCSS)နှင့် ရဲဘော်သံခဲ(ABSDF) တို့ အသီးသီး တက်ရောက်ခဲ့ သည်။