အောက်တိုဘာ ၂၃ရက်၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း
NCA တွင် ပါဝင်နိုင်ရေး ဆွေးနွေးမှု ၁၅ လကျော်ကြာပြီးဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက် ဒရယ် ကောင်စီ-UNFC နှင့် အစိုးရတို့ သတ္တမအကြိမ် တရားဝင် ဆွေးနွေးပွဲကို အောက်တိုဘာ ၂၃ ရက် နံနက် ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ NRPC အစည်း အဝေးခန်းမ၌ စတင်ပြုလုပ်နေပြီး အောင်မြင်သည့် နောက်ဆုံးအကြိမ် ဆွေးနွေးပွဲဖြစ်ရန် မျှော်လင့်ထား သည်ဟု နှစ်ဘက်ခေါင်း ဆောင်များက အသီးသီးပြောဆို လိုက်သည်။
ယနေ ့ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်က NCA စာချုပ်သည် အခြေအနေ အကြောင်းအရာ အမျိုးမျိုးကြောင့် လိုအပ်ချက်များရှိပါက NCA အပြင်ဘက်မှ ပြောဆိုနေမည့် အစား NCA တွင် ဝင်ရောက်ကာ ညီညီညွတ်ညွတ်မျှမျှတတဖြင့် အားလုံးတိုင်ပင် ညှိနှိုင်းလုပ်ဆောင်ရန် ကျန် အဖွဲ့ အားလုံးကို မေတ္တာရပ်ခံဖိတ်ခေါ်လိုကြောင်း အခမ်းအနား အဖွင့်မိန့်ခွန်းတွင်ပြောသည်။
ထို့အပြင် ၎င်းက “ ဒီနေ့ ဆွေးနွေးပွဲမှာလည်း ကျနော့် အနေနဲ့ နိုင်ငံသူနိုင်ငံသားတွေအားလုံး မျှော်လင့် တမ်းတ နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံတော်ကြီးရဲ့ ငြိမ်းချမ်းရေး ရရှိရန် အလို့ငှာ UNFC အဖွဲ့များ ပါဝင်လာနိုင်ရေး အတွက် အောင်မြင်သောဆွေးနွေးပွဲကြီး တခု ဖြစ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
အလားတူ DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က မိမိတို့ အနေဖြင့် NCA စာချုပ်ကို ပြင်ဆင်လို၍ ဆွေးနွေးနေခြင်း မဟုတ်သလို NCA ပါ ပြဌာန်းချက်အချို့တွင် အားနည်းချက်များကို အားသာချက်ဖြစ်အောင် အကောင်အထည် ဖော်ရာတွင် အားကောင်းလာစေရန် ထုတ်နုတ်ပြီး အဆိုပြုချက် ၈ ချက်ကို ဆွေးနွေးနေခြင်းဖြစ်သည်ဟု အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။
“ကျနော်တို့ဘက်က သွားလိုတဲ့ ပြင်လိုတဲ့ အနေအထားမျိုးနဲ့ အကြေအလည်ညှိနှိုင်းဆွေးနွေးပြီးတော့ အပေါ်ကို ရောက်အောင်တော့ ဒီတခေါက်တော့ ကျနော်တို့ မဖြစ်ဖြစ်အောင်ဖြတ်နိုင်ဖို့ ကျနော်တို့ဘက်က စိတ်ပိုင်းဖြတ် နိုင်ပြီး ဖြစ်ပါတယ်။ ဒါကလည်းဘဲ နှစ်ဦးနှစ်ဖက် လက်ခံနိုင်မဲ့နည်းလမ်းကောင်းတခုကို ဘယ်လိုရှာ ကြမလဲ ဆိုတဲ့ နှစ်ဦးနှစ်ဖက် အလျှော့ အတင်း အပေးအယူလုပ်တဲ့ အပေါ်မှာ မူတည်နေပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်နှင့် တပ်မတော်မှ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့ဝင်များ၊ UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှို်င်းရေးအဖွဲ့ ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့ ခေါင်းဆောင် ခူဦးရယ်၊ ဒုအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေး တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အ ဖွဲ့ဝင်များ၊ လေ့လာသူအဖြစ် ပဒိုစောရွှေမောင်း(KNU)၊ စိုင်းငင်း(RCSS)နှင့် ရဲဘော်သံခဲ(ABSDF) တို့ အသီးသီး တက်ရောက်ခဲ့သည်။
ထို့အပြင် လက်ရှိ NCA ၂ နှစ်တာကာလတွင်း အားနည်းချက်၊ အားသာချက်များကို မကြာမီပြန်လည် သုံးသတ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုကောင်းမွန်အောင် စီမံဆောက်ရွက်သွားရန်ရှိသည်ဟု ဒုဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။
“ ဒီနေ့ အစည်းအဝေးမှာတော့ ကျနော်တို့ ၂ ရက်ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ပွင့်ပွင့်လင်းလင်းနဲ့ ကျနော်တို့ အတွက် နောက်ဆုံးအကြိမ်ဆွေးနွေးတဲ့ ဆွေးနွေးပွဲလေးဖြစ်ပါစေဆိုပြီး ပြောလိုပါတယ်” ဟု ၎င်းက ပြောသည်။
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် (NCA) တွင် UNFC အဖွဲ့ဝင်များ ပါဝင် လာနိုင်ရေးအတွက် အလွတ်သဘော အကြိမ်များစွာ ဆွေးနွေးခဲ့ပြီး ဖြစ် သလို လက်ရှိ တရားဝင် သတ္တမအကြိမ် ဆွေးနွေးပွဲကို အောက်တိုဘာ ၂၃ မှ ၂၄ ထိ ၂ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။